ဘီးလင်းမြစ်ရေ မြင့်တက်မှုကြောင့် ရေကြီးရေလျှံဖြစ်ပွား၊ ရေဘေးသင့်ပြည်သူ ၁၇၁ ဦးကို ကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းပေး

(မိုး/ဇလ) ဇူလိုင် ၁၀

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ဘီးလင်းမြစ်ရေ မြင့်တက်လာကာ ကန်သာယာရပ်ကွက်(၇)အတွင်းရှိ မြေနိမ့်ပိုင်းနေရာအချို့၌ ယနေ့နံနက်ပိုင်းမှစတင်၍ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့် နေရာများသို့ ဘီးလင်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူးမင်းတင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဿာန်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည်များနှင့် တပ်မတော်သားများက သွားရောက်၍ ရေဘေးကယ်ဆယ်ရေးနှင့် ကူညီပံ့ပိုးရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကန်သာယာရပ်ကွက်(၇)အတွင်း ရေဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၂၅) စုမှ လူဦးရေ (၁၇၁) ဦးအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ပြီး ရေဘေးကယ်ဆယ်ရေးစခန်းအဖြစ် သတ်မှတ်ထားသည့် အားကစားခန်းမသို့ နေရာချထားပေးခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများအနေဖြင့် ရေဘေးသင့်ပြည်သူများ အဆင်ပြေစွာ နေထိုင်နိုင်ရေးနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

Telegram – t.me/positiveanglenews

#PAN