အပစ်အခတ်ရပ်စဲရေးကာလအတွင်း ဂါဇာမြောက်ပိုင်းရှိ ဆေးရုံကို အစ္စရေးဒရုန်းဖြင့် တိုက်ခိုက်၊ ဆေးရုံဝန်ထမ်းများ ဒဏ်ရာရ    

(နိုင်ငံတကာ) ဇူလိုင် ၁၁

  ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်း၊ ဘိတ်လာဟီယာ (Beit Lahiya) ရှိ ကာမယ်လ် အက်ဒ်ဝမ် (Kamal Adwan) ဆေးရုံအား အစ္စရေးတပ်ဖွဲ့က ဒရုန်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ ဆေးရုံဝန်ထမ်းများနှင့် အရပ်သားများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက သောကြာ နေ့တွင် ထုတ်ပြန်ကြေညာသည်။

    အဆိုပါတိုက်ခိုက်မှုသည် အစ္စရေး၏ ထိန်းချုပ်မှုအောက်တွင်ရှိသော “အစိမ်းရောင်ဇုန်” (Green Zone)အတွင်း တည်ရှိသည့် ဆေးရုံ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုကြောင့် ဆေးရုံဝင်းအတွင်းရှိ အရပ်သား (၃) ဦးနှင့် အနီး အနားတွင် လုပ်ငန်းဆောင်ရွက်နေသော ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်း (၃) ဦး ဒဏ် ရာရရှိခဲ့သည်။ လက်ရှိတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရှိနေသော်လည်း အစ္စရေးဘက်က ယခုကဲ့သို့ ကျန်းမာ ရေးဆိုင်ရာ အဆောက်အအုံကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။             

     ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ဤလုပ်ရပ်ကို “ကျန်းမာရေးစက်ရုံများကို စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်ခြင်း” ဖြစ်ကြောင်း ပြင်းထန်စွာ ရှုတ်ချလိုက်သည်။ အစ္စရေး၏ စစ်ဆင်ရေးများကြောင့် ဂါဇာ၏ ကျန်းမာရေးစနစ်မှာ လုံးဝနီး ပါး ပြိုလဲသွားပြီဖြစ်ပြီး၊ ဒဏ်ရာရရှိသူများအတွက် အသက်ကယ်ဆေးကုသမှု ပေးနိုင်စွမ်းမှာလည်း အလွန်အမင်း နည်းပါးသွားခဲ့သည်။    

    ပါလက်စတိုင်း ထောင်ပေါင်းများစွာသည် ပြည်ပတွင် ဆေးကုသမှု ခံယူရန် လိုအပ်နေသော်လည်း အစ္စရေး၏ သွားလာမှု ကန့် သတ်ချက်များကြောင့် အများစုမှာ ဂါဇာကမ်းမြောင်ဒေသမှ ထွက်ခွာနိုင်ခြင်းမရှိဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့သည်။

     သောကြာနေ့က ဂါဇာတစ်ဝှမ်း အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူတစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း Wafa က ဖော်ပြခဲ့သည်။                       

   အစ္စရေးတပ်ဖွဲ့များက ဂါဇာအလယ်ပိုင်း ဘူရီဂျ်(Bureij) ဒုက္ခ သည်စခန်းအနီးရှိ ပါလက်စတိုင်းများကို ပစ်ခတ်ခဲ့ရာ တွင် လူအများအပြား ဒဏ်ရာရရှိခဲ့သည်။ အစ္စရေးဒရုန်းများသည် ဂါဇာမြို့ရှိ တူဖာ (Tuffah)ရပ်ကွက်ရှိ နေအိမ်များကို ပစ်မှတ်ထား တိုက် ခိုက်ခဲ့သည်။         

     ကျန်းမာရေးဝန်ကြီးဌာနသည် အစ္စရေးကို ရပ်တန့်စေရန် ဖိ အားပေးသည့်အနေဖြင့် ဂါဇာ၏ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများအပေါ် အစ္စရေး၏ တိုက်ခိုက်မှုများကို လူ သိရှင်ကြား ရှုတ်ချရန် ကုလသမဂ္ဂနှင့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အဖွဲ့အစည်းများကို တောင်းဆိုထားသည်။  

     ကာမယ်လ် အက်ဒ်ဝမ် ဆေးရုံကို တိုက်ခိုက်မှုမတိုင်မီကပင် ဆေးရုံညွှန်ကြားရေးမှူး ဟူဆမ် အဘူ ဆာဖီယာ (Hussam Abu Safia) ကို အကြောင်းမဲ့ ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာမှ ပြင်းထန်သော ဖိအားများ ရှိနေသည်။ ဆရာဝန်ဖြစ်သူ ၎င်းကို စွဲချက်မတင်ဘဲ (၁၈) လကျော်ကြာ ဖမ်းဆီးထားခြင်းမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း ရှေ့နေများနှင့် ကုလသမဂ္ဂကျွမ်းကျင်သူများက သတိပေးထား သည်။            

     သို့သော် အစ္စရေးဘက်ကမူ ၎င်းအား ဟားမက်စ်အဖွဲ့ဝင်ဟု စွပ်စွဲကာ ဖမ်းဆီးထားခြင်းမှာ “ဥပဒေနှင့်အညီ” ဖြစ်ကြောင်း တုံ့ပြန်ထားသည်။                     

    အောက်တိုဘာ ၇ ရက်မှစ၍ အစ္စရေး၏ ဂါဇာစစ်ဆင်ရေးအတွင်း ပါလက်စတိုင်းပြည်သူ ၇၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး၊ လက်ရှိအပစ်အခတ်ရပ်စဲရေး ကာလအတွင်း၌လည်း သေဆုံးမှုများ ဆက်လက်ရှိနေကြောင်း သိရသည်။           

Telegram»… https://t.me/positiveanglenews

#PAN