(ပြည်တွင်း) ဇူလိုင် ၁၀
လက်ရှိတွင် အချို့ဒေသများ၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုများကို ဖယ်ရှားနေသည်ဟု မီဒီယာအချို့တွင် ဖော်ပြနေမှုများရှိသော်လည်း အဆိုပါသတင်းများမှာ အမှန်မဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ထုအားလုံးကို ဖယ်ရှားနေခြင်းမဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က ပြောဆိုထားသည်။

အမှန်တကယ် ဆောင်ရွက်နေခြင်းမှာ ရုပ်ထုများအနက် အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများ မသင့်လျော်သည့် ရုပ်ထုများကိုသာ သက်ဆိုင်ရာဥပဒေများနှင့်အညီ ပြန်လည်စိစစ်ခြင်းနှင့် ထိန်းသိမ်းပြုပြင်ဆောင်ရွက်ခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါသော သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အတွက် အထိမ်းအမှတ်ရုပ်ထုများကိုလည်း သမိုင်းဝင်ပုဂ္ဂိုလ်၏ ဂုဏ်သိက္ခာနှင့် လျော်ညီစွာ ထားရှိနိုင်ရေး၊ နောင်လာနောက်သားများအနေဖြင့် သမိုင်းတန်ဖိုးနှင့် အစဉ်အလာများကို မှန်ကန်စွာ လေ့လာထိန်းသိမ်းနိုင်ရေး ရည်ရွယ်၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစိစစ်ဆောင်ရွက်မှုများကို ၁၉၆၂ ခုနှစ် သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်းဥပဒေအရ ဆောင်ရွက်နေခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှ လက်ရှိအချိန်အထိ မြို့နယ်ပေါင်း ၁၀၀ ကျော်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုများကို စိစစ်ခဲ့ကြောင်း သိရသည်။
စိစစ်မှုများအတွင်း အချို့ရုပ်ထုများတွင် အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများသည် သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်သိက္ခာနှင့် မလျော်ညီသည့် အခြေအနေများကို တွေ့ရှိခဲ့ရသဖြင့် လိုအပ်သလို ပြန်လည်ပြင်ဆင်ထိန်းသိမ်းရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်ရန်၊ အထိမ်းအမှတ်ရုပ်ထုများကို အရိုအသေမဲ့သည့် အခြေအနေမဖြစ်စေရန်နှင့် မြန်မာ့သမိုင်းအမွေအနှစ်များကို နောင်မျိုးဆက်များအနေဖြင့် မှန်ကန်သင့်လျော်သည့် ပုံစံဖြင့် ဆက်လက်လေ့လာနိုင်စေရန် ရည်ရွယ်၍ စနစ်တကျ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
Telegram – t.me/positiveanglenews