(မိုးဇလ)ဇူလိုင် ၁၀

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ခရိုင်၊ မိုင်းခတ်မြို့နယ်ရှိ ကျိုင်းတုံ-မိုင်းခတ်သွားကားလမ်းမပေါ်တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေလျှံတက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

မိုင်းခတ်မြို့နယ်၊ ကျိုင်းပင်ကျေးရွာအုပ်စု၊ ကျိုင်းပင်ကျေးရွာအနီးရှိ နမ့်ခတ်ချောင်းရေ မြင့်တက်လာမှုကြောင့် ကျိုင်းပင်းတံတားပေါ်သို့ ရေဝင်ရောက်လျက်ရှိပြီး ကျိုင်းတုံ-မိုင်းခတ်ကားလမ်းမိုင်တိုင် အမှတ် (၄၆/၃) နှင့် (၄၆/၄) အကြားတွင် ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစ၍ ရေကျော်နေခြင်းဖြစ် ကြောင်းသိရသည်။

ထို့ကြောင့် ယင်းလမ်းပိုင်းတွင် မိုင်းခတ်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပြည်သူ့လူမှုကူညီရေးအသင်းများ ပူးပေါင်း၍ ခရီးသွားပြည်သူများ လုံခြုံစွာသွားလာနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်း ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ပြီး ယနေ့မှ ဇူလိုင် ၁၈ ရက်အတွင်း ရှမ်းပြည်နယ်အပါအဝင် အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာကွက်ကျား၍ မိုးထစ်ချုန်းရွာသွန်းမည်ဖြစ်ကာ အချို့ဒေသများ၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထား သည်။
Telegram – t.me/positiveanglenews