ပလက်ဝမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ကျေးရွာ ၂၀ ကျော် ထိခိုက်၊ ဒေသခံအချို့ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

(ပြည်တွင်း) ဇူလိုင် ၁၀

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကုလားတန်မြစ်နှင့် လေးမြို့မြစ်တို့၏ ရေမျက်နှာပြင် မြင့်တက်လာပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ ၂၀ ကျော်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ရေဝင်ရောက်နေသည့် နေရာများတွင် ပလက်ဝမြို့ပေါ်ရပ်ကွက်အချို့၊ ရှင်းလက်ဝ၊ တရွန်အိုင်၊ ဂူဝ၊ မြိတ်ဝနှင့် ဆမီးမြို့ပေါ်ရပ်ကွက်များ ပါဝင်နေပြီး၊ လေးမြို့ချောင်းတစ်လျှောက်ရှိ မောင်ရွာ၊ ဗုဒ္ဓဂါမ အထက်နှင့်အောက်ကျေးရွာများ၊ အလယ်ဒိန်ကင်း၊ နန်းမနူး၊ ဝန်ချောင်းဝနှင့် မောက်ချောင်းဝကျေးရွာများတွင်လည်း ရေဘေးဒဏ်ကို ရင်ဆိုင်နေရကြောင်း သိရသည်။

ဗုဒ္ဓဂါမကျေးရွာတွင် အိမ်ခြေ ၁၅ လုံးခန့်မှ မိသားစုများသည် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ကာ ယာယီတဲများဖြင့် နေထိုင်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ အခက်အခဲရှိနေသဖြင့် ရေဘေးအခြေအနေ အသေးစိတ်ကို ဆက်လက်စုံစမ်းရန် ခက်ခဲနေဆဲဖြစ်ကြောင်းလည်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေပြီး ရခိုင်နှင့် ချင်းပြည်နယ်အပါအဝင် ဒေသအချို့တွင် ဇူလိုင် ၉ ရက်မှ ၁၆ ရက်အထိ မိုးဆက်လက်သည်းထန်မည်ဟု သတိပေးထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN