မိုင်းပေါက်မြို့တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် တောင်ကျရေဝင်ကာ ရေကြီးရေလျှံမှုဖြစ်ပေါ်

(ပြည်တွင်း) ဇူလိုင် ၁၀

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ “ဝ”တပ်ဖွဲ့ (UWSA) ထိန်းချုပ်နယ်မြေ မိုင်းပေါက်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေများ အရှိန်အဟုန်ဖြင့် ကျဆင်းလာကာ မြို့အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင် သိရသည်။

မှတ်တမ်းဓာတ်ပုံများအရ မြို့တွင်းလမ်းများနှင့် လူနေရပ်ကွက်များတွင် ရေများလွှမ်းမိုးနေပြီး နေအိမ်အချို့အတွင်းသို့လည်း ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။

ရေလွှမ်းမိုးမှုကြောင့် ယာဉ်များ သွားလာရန် အခက်အခဲဖြစ်နေသလို ရပ်ကွက်အချို့တွင် ပိတ်မိနေသည့် ပြည်သူများကို ရာဘာစက်လှေများဖြင့် ဘေးလွတ်ရာသို့ ကယ်ဆယ်ပို့ဆောင်ပေးနေကြောင်း သိရသည်။

မိုင်းပေါက်မြို့၌ ဇူလိုင် ၈ ရက်မှစတင်ကာ မိုးဆက်တိုက်ရွာသွန်းခဲ့ပြီး ဇူလိုင် ၉ ရက်ညပိုင်းမှစ၍ တောင်ကျရေများ ပိုမိုများပြားလာသဖြင့် မြို့ပေါ်ရပ်ကွက်အများအပြား ရေလွှမ်းမိုးခဲ့ကြောင်း သိရသည်။

ယမန်နှစ်ကလည်း မိုင်းပေါက်နှင့် ပန်ဆန်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ပြည်သူ ၂ ဦးနှင့် ကယ်ဆယ်ရေးဝန်ထမ်း ၁ ဦး သေဆုံးခဲ့ဖူးကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN