
(နိုင်ငံတကာ) ဇူလိုင် ၉
အိန္ဒိယနိုင်ငံတွင် မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြည်နယ်အများအပြားတွင် မြေပြိုမှုများနှင့် ရေ ကြီးရေလျှံမှုများ ဆိုးရွားစွာဖြစ်ပွားနေပြီး၊ မြို့တော် နယူးဒေလီတွင် အဆောက် အအုံတစ်ခု ပြိုကျမှုကြောင့် အနည်း ဆုံး လူ ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းဖြစ်ရပ်သည် ရက်ဆက်မိုးရွာသွန်းမှုကြောင့် နိုင်ငံအနှံ့ ကမောက် ကမဖြစ်နေရသည့် ဘေးအန္တရာယ်များအနက် နောက်ဆုံး ဖြစ်ရပ်တစ်ခု ဖြစ်သည်။
အိန္ဒိယသတင်းအေဂျင်စီ ANI ၏ ထုတ်ပြန်ချက်အရ ဒေလီမြို့ရှိ အဆောက်အအုံပြိုကျရာ အပျက်အစီးများအကြားမှ လူတစ်ဦးကိုမူ အသက်ရှင်လျက် အချိန်မီကယ် ဆယ်နိုင်ခဲ့သည်။ လက်ရှိတွင် အိန္ဒိယမိုးလေဝသဌာနက ဒေလီမြို့၏ အချို့သောအစိတ် အပိုင်းများနှင့် အိမ်နီးနားချင်း ဟာရီယာနာ (Haryana)ပြည် နယ်တို့အတွက် မိုးသက်မုန် တိုင်း ပြင်းထန်စွာ ထပ်မံရွာသွန်းနိုင်ကြောင်း “အနီရောင်” အဆင့် အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထားသည်။

ဒေလီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရာလမ်းအချို့ တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသဖြင့် ခရီးသည်များအနေဖြင့် လေဆိပ်သို့သွားပါက ပုံမှန်ထက် ခရီးသွားလာချိန် ပိုမိုယူကြရန် လေဆိပ်အာဏာပိုင်များက သတိပေးနှိုးဆော်ထားသည်။
နိုင်ငံတောင်ပိုင်း ကီရီလာ (Kerala) ပြည်နယ်၊ ဝါယနတ် (Wayanad) ဒေသတွင် အင်္ဂါနေ့က အကြီးအကျယ် မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြသည်။ အလား တူ နိုင်ငံအနောက်ပိုင်း မဟာရဋ္ဌရ (Maharashtra) ပြည်နယ်တွင်လည်း မိုးရွာသွန်းမှုနှင့် ဆက်နွှယ်သည့် မတော်တဆမှုအမျိုးမျိုးကြောင့် ယခုသီတင်းပတ်အစောပိုင်းအထိ အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရဝန်ကြီးတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

မဟာရဋ္ဌရပြည်နယ်၊ မွန်ဘိုင်းမြို့အနီးရှိ ပူနေး (Pune) မြို့တွင်မူ စွန့်ပစ်ပစ္စည်းသန့်စင်သည့် စက်ရုံတစ်ခု၌ ဧရာမအမှိုက်ပုံကြီး ပြိုကျမှုဖြစ်ပွားခဲ့သည်။ လက်ရှိတွင် အမှိုက်ပုံအပျက်အစီးများအောက်မှ လူ ၇ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်ရှိနေသည့် လူ ၉ ဦးမှာမူ ပိတ်မိနေဆဲဖြစ်သဖြင့် အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။
ထို့ပြင် နိုင်ငံ၏အခြားနေရာများဖြစ်သော အာဂရာ (Agra) မြို့တွင် လမ်းမများပေါ်၌ ရေလျှံနေပြီး၊ ဂူဂျရတ် (Gujarat) ပြည်နယ်တွင် အဝေးပြေးလမ်းမကြီးများ ရေလွှမ်းမိုးနေသဖြင့် ဒေသခံပြည်သူများသည် ဒူးဆစ်ခန့်အထိ နက်သောရေများအတွင်း ဖြတ်သန်းသွားလာနေကြရကာ လမ်းပန်းဆက်သွယ်ရေး အပြင်းအထန် ပြတ်တောက်လျက်ရှိကြောင်း ရုပ်သံမှတ်တမ်းများအရ သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN