(မှုခင်း) ဇူလိုင် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ နှင်းဆီလမ်းတွင် အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ယမန်နေ့ ဇူလိုင်လ၈ရက်နေ့ နေ့လယ်၂နာရီအချိန်ခန့်က တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်နေ ထက်ပိုင်မှူး (ခ) ဂျက်ကြီးနှင့် တစ်ရပ်ကွက်တည်းနေ ထွန်းထွန်းနိုင်တို့ ၂ ဦးသည် အရက်အတူသောက်နေစဥ် စကားများရန်ဖြစ်ခဲ့ပြီး မိသားစု၀င်များ၏ ကြားဝင်ဖြန်ဖြေမှုဖြင့် လူခွဲခဲ့ကြောင်း သိရသည်။
ယင်းနောက် ဇူလိုင် ၉ ရက် နံနက် ၁၀နာရီခန့်တွင် နှင်းဆီလမ်းထိပ်၌ နှစ်ဦး ထပ်မံတွေ့ဆုံကာ လုံးထွေးခိုက်ရန်ဖြစ်ပွားခဲ့ပြီး ထက်ပိုင်မှူးမှာ ဓားထိုးဒဏ်ရာများ ရရှိကာ ရေမြောင်းအနီးတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အား ရဲတပ်ဖွဲ့က စစ်ဆေးနေစဉ် ထွန်းထွန်းနိုင်သည် အသုံးပြုခဲ့သည့် ဓားကိုယူဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်အဖမ်းခံကာ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထွန်းထွန်းနိုင် (ခ) ထွန်းနိုင်အား တောင်ကြီးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူကာ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN