မဲဆောက်တွင် သူတပါး ပက်စ်ပို့အသုံးပြု၍ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

(မှုခင်း) ဇူလိုင် ၉

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ ဘန်ဟွေဟင်ဖွန် စစ်ဆေးရေးဂိတ်၌ အခြားသူများ၏ ပက်စ်ပို့အထောက်အထားကို အသုံးပြုကာ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

စစ်ဆေးရေးဂိတ်တွင် စစ်ဆေးချက်အရ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦးတို့သည် အခြားသူများ၏ ပက်စ်ပို့စာအုပ်များကို ကိုယ်ပိုင်အထောက်အထားအဖြစ် လိမ်ညာပြသခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်မှု၊ အခြားသူ၏ အထောက်အထားစာရွက်စာတမ်းကို မလျော်မကန် အသုံးပြုမှုတို့ဖြင့် စွဲချက်နှစ်ရပ်တင်ကာ မဲဆောက်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။

ထို့ပြင် ဖမ်းဆီးခံရသူ ၄ ဦးလုံးမှာ ကျူးလွန်ထားသည့် ပြစ်မှုကို ဝန်ခံထားကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် ထိုင်းနိုင်ငံတစ်ဝှမ်းနှင့် နယ်စပ်ဒေသများ၌ အထောက်အထားမဲ့ ဝင်ရောက်သူများ၊ ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်နေသူများကို လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက အထူးစစ်ဆေးမှုများ တင်းကြပ်စွာ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN