(စီးပွားရေး) ဇူလိုင် ၇
MSME ယာယီမှတ်ပုံတင်လက်မှတ် အသစ်ထုတ်ပေးခြင်းနှင့် သက်တမ်းတိုး/ပြင်ဆင်ခြင်းလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် MSME One Stop Service Center တည်ထောင်ဖွင့်လှစ်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်ပြည်နယ် မော်လမြိုင်မြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အတ္ထရံခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး မွန်ပြည်နယ် MSME အေဂျင်စီ ဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ဝန်ကြီးက “နိုင်ငံတော် ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဆိုသည့် ဆောင်ပုဒ်အရ MSME ကဏ္ဍသည် နိုင်ငံတော်ထုတ်လုပ်မှုစနစ်၏ အခြေခံအုတ်မြစ်ဖြစ်ပြီး အချိန်တိုအတွင်း အကျိုးဖြစ်ထွန်းစေမည့် “Quick Win” မဟာဗျူဟာများတွင် အဓိကမောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း ပြောကြားသည်။
ထို့အပြင် MSME One Stop Service Center ကို ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ရန် လျာထားပြီး ဇူလိုင် ၁၅ ရက်တွင် ဖွင့်ပွဲကျင်းပရန် စီစဉ်ထားကြောင်းနှင့် ဖွင့်ပွဲတွင် MSME ယာယီမှတ်ပုံတင်လက်မှတ်များကို စိစစ်ထုတ်ပေးနိုင်ရေးလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အစည်းအဝေးတွင် ဒုတိယဥက္ကဋ္ဌ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမက ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် MSME အေဂျင်စီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးခဲ့ကြပြီး One Stop Service Center တည်ထောင်ဖွင့်လှစ်ရေးနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

#PAN