
(နိုင်ငံတကာ) ဇူလိုင် ၄
ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ကန့်သတ်ထားသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတွင် တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ် သမား ၁၆ ဦးကို ထိုင်းအာဏာပိုင်များက ဇူလိုင်လ ၂ ရက်နေ့တွင် ချွန်ဘူရီ (Chon Buri) ပြည်နယ်အတွင်း စစ်ဆေးနှိမ်နင်းကာ ဖမ်းဆီးလိုက်ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးမှုကို ချွန်ဘူရီပြည်နယ် အလုပ်အကိုင်ရှာဖွေ ရေးရုံးက ဦးဆောင်ပြီး ပြည်တွင်းလုံခြုံရေး ညှိနှိုင်းဆောင်ရွက်မှုဌာနချုပ် (ISOC) နှင့် အလုပ်သမားရေးရာ အရာရှိများ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အဖွဲ့သည် ပထမဦးစွာ သီရာချာ (Si Racha) ခရိုင်အတွင်းရှိ ဆွိုင်ဘိုယန်း သို့ ဝင်ရောက်စစ်ဆေးခဲ့ရာ နိုင်ငံခြားသားများ ကန့်သတ်အလုပ်များဖြစ်သည့် ဆံပင် ညှပ်ဆိုင်၊ အလှပြင် ဆိုင်၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်နှင့် မြန်မာအလုပ်သမားများအကြား ရေပန်းစားသော ကွမ်းယာဆိုင်များတွင် လုပ် ကိုင်နေသည်ကို တွေ့ရှိရသဖြင့် မြန်မာနိုင်ငံသား ၅ ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား ၂ ဦး၊ စုစုပေါင်း ၇ ဦးကို ဖမ်းဆီးခဲ့သည်။

ထို့ပြင် အာဏာပိုင်များသည် ချွန်ဘူရီ ရွှေ့ပြောင်းအလုပ် သမား ပတ်စ်ပို့နှင့် ဗီဇာဝန်ဆောင်မှုစင်တာသို့ ဆက်လက်စစ် ဆေးရာ၊ ရွှေ့ပြောင်းအလုပ်သမားများ၏ အထောက်အထားစာရွက်စာတမ်း လျှောက်ထားမှုကို ကူညီပေးရင်း နိုင်ငံ ခြားသားလုပ်ကိုင်ခွင့်မရှိသည့် “ရုံးစာရေးအလုပ်” (Clerical work)ကို ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာ နိုင်ငံသား ၂ ဦးကိုလည်း ထပ်မံဖမ်းဆီးနိုင်ခဲ့သည်။
လမ်ချာဘန် (Laem Chabang) ဒေသတွင် သီးခြားလုပ် ဆောင်ခဲ့သည့် စစ်ဆေးမှုတွင်လည်း ခွင့်ပြုချက်မရှိဘဲ အရောင်းစာရေး၊ ဈေးဆိုင်ခန်းအလုပ်သမားနှင့် ရေခဲမုန့်ရောင်းသူအဖြစ် လုပ်ကိုင်နေသည့် လာအို ၄ ဦး၊ ကမ္ဘောဒီးယား ၂ ဦးနှင့် မြန်မာ ၁ ဦးကို ထပ်မံဖမ်းဆီးခဲ့သည်။


စစ်ဆေးမှုအတွင်း ဆွိုင်ဘိုယန်းရှိ ကုန်စုံဆိုင်တစ်ခု၌ မြန်မာအမျိုးသမီးတစ်ဦးကို အရာရှိများက စာရွက်စာတမ်း တောင်းခံစဉ် ဆိုင်အပြင်ဘက်၌ အရက်သောက်နေသည့် သူမ၏ချစ်သူ မြန်မာအမျိုးသားက မကျေမနပ်ဖြစ်ကာ ထိုင်းအရာရှိ၏ လက် မောင်းနှင့် အင်္ကျီတို့ကို ဖမ်းဆွဲသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
သို့သော် ထိုင်းဆိုင်ပိုင်ရှင်က ဝင်ရောက်ဖျန်ဖြေပေးခဲ့ပြီးနောက် အဆိုပါအမျိုးသားက ပြန်လည်လက်အုပ်ချီတောင်းပန်ခဲ့ကာ ငြိမ်သက်သွားခဲ့သည်။ ယင်းစစ်ဆေးမှု သတင်းပျံ့နှံ့သွားပြီးနောက် အနီးနားရှိ နိုင်ငံခြားသားဆိုင်အများအပြား ချက်ချင်းပိတ်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
ယခုစစ်ဆေးမှုအတွင်း ဖမ်းဆီးရမိသည့် နိုင်ငံခြားသားအလုပ်သမား စုစုပေါင်း ၁၆ ဦးစလုံးကို ခွင့်ပြုချက်မရှိဘဲ တရား မဝင်လုပ်ကိုင်မှုဖြင့် ဥပဒေကြောင်းအရ အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးရေးအရာရှိများထံ လွှဲပြောင်းပေးအပ်ထားပြီး၊ ၎င်းတို့ကို ခန့်အပ်ထားသည့် ထိုင်းအလုပ်ရှင်များကိုလည်း ဆင့်ခေါ် အရေးယူသွားမည်ဖြစ်သည်။
ချွန်ဘူရီ အလုပ်အကိုင်ရှာဖွေရေးရုံးက လုပ်ငန်းခွင်အတွင်း တရားမျှတမှုရှိစေရန်နှင့် အလုပ်သမားဥပဒေကို လိုက်နာစေရန် ယခုကဲ့သို့ ရှောင်တခင်စစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု အတည်ပြုထားသည်။
Telegram»…
https://t.me/positiveanglenews
#PAN