ရန်ကုန်–မော်လမြိုင် DEMU ရထားလမ်းကြောင်း ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးနေဟုဆို

(ပြည်တွင်း) ဇူလိုင် ၃

ရန်ကုန်–မော်လမြိုင်–ရန်ကုန် DEMU အဆင့်မြင့် မြန်နှုန်းမြင့်ရထားများကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ရထားပြေးဆွဲမှုမတိုင်မီ ရထားနှင့် ဒေသခံပြည်သူများ၏ လုံခြုံရေးအတွက် တရားမဝင် သံလမ်းကူးများကို ပိတ်သိမ်းခြင်း၊ မောင်းတံဂိတ်များ တည်ဆောက်ခြင်းနှင့် အစောင့်များ ချထားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေသန္တရအမိန့်ထုတ်ပြန်ထားမှုနှင့် ဒဏ်ကြေးသတ်မှတ်ချက်များနှင့်ပတ်သက်၍ သတင်းများထွက်ပေါ်နေသော်လည်း လက်ရှိအချိန်တွင် ဒဏ်ကြေးနှင့် ဆိုင်သော ဒေသန္တရအမိန့်များ ထုတ်ပြန်ထားခြင်းမရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။

လုံခြုံရေးအတွက် ဒေသန္တရ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များကို လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းကာ စစ်ဆေးကြပ်မတ်စေခြင်း၊ ရထားရောက်ရှိနှင့် ထွက်ခွာချိန်များကို အသိပေးကြေညာခြင်းနှင့် ပိတ်သိမ်းရမည့် လမ်းကူးများကို စနစ်တကျ ပိတ်သိမ်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

ထို့အပြင် သံလမ်းအနီး တိရစ္ဆာန်များ မလွှတ်ကျောင်းရန်နှင့် လုံခြုံရေးစည်းမျဉ်းများ လိုက်နာရန်အတွက် ဒေသခံပြည်သူများအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းနှင့် ကြေညာဆိုင်းဘုတ်များ တပ်ဆင်ခြင်းတို့ကို ရထားမပြေးဆွဲမီကတည်းက ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အနာဂတ်တွင်လည်း ရထားနှင့် ပြည်သူများ၏ လုံခြုံရေးကို မြှင့်တင်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများကို ကျေးလက်ဒေသများအထိ ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

#PAN