မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မိုးကြီးမည့်သတိပေးချက် ထုတ်

ပြန်(မိုးလေဝသ)ဇူလိုင်၃

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြန်မာနိုင်ငံအတွင်း တိုင်နှင်းပြည်နယ်အချို့ မိုးကြီးမည့်သတိပေးချက်အား ယနေ့ ဇူလိုင် ၃ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ယနေ့မြန်မာစံတော်ချိန် နံနက်၆နာရီခွဲအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း-အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့်လည်းကောင်း၄-၇-၂၀၂၆ ရက်နေ့မှ ၁၁-၇-၂၀၂၆ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

ဆက်လက်ပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှအားအလွန်ကောင်းနေခြင်းနှင့် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသောအိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း – အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင်နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့်ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်ဟု ဖော်ပြထားသည်။

#PAN