ပြည်တွင်းစက်သုံးဆီဈေးနှုန်းဆက်တိုက်ကျဆင်း

(စီးပွားရေး) ဇူလိုင် ၃

ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများသည် သင်္ကြန်ကာလအပြီးမှစတင်၍ (၁၁) ပတ်ဆက်တိုက် ဆက်လက်ကျဆင်းလျက်ရှိပြီး ယခုတစ်ပတ်အတွက် ရန်ကုန်မြို့ရှိ 92 Ron ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၃,၃၆၀ နှင့် ဒီဇယ် (HSD 500 ppm) တစ်လီတာလျှင် ကျပ် ၃,၀၉၀ အထိ ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ဇူလိုင် ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင် 92 Ron တစ်လီတာ ကျပ် ၃,၃၆၀၊ 95 Ron တစ်လီတာ ကျပ် ၃,၄၁၀၊ဒီဇယ် HSD (500 ppm) တစ်လီတာ ကျပ် ၃,၀၉၀ နှင့် ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) တစ်လီတာ ကျပ် ၃,၈၀၀ ဖြစ်ပြီး အဆိုပါဈေးနှုန်းများကို ဇူလိုင် ၉ ရက်အထိ အကျုံးဝင်သတ်မှတ်ထားကြောင်း သိရသည်။

ယခင်တစ်ပတ် ရည်ညွှန်းဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက 92 Ron တစ်လီတာလျှင် ကျပ် ၂၅၅၊ 95 Ron တစ်လီတာလျှင် ကျပ် ၂၈၅၊ HSD ဒီဇယ်တစ်လီတာလျှင် ကျပ် ၄၄၅ နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၃၉၀ စီ ထပ်မံကျဆင်းလာခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးမြို့တွင် 92 Ron ၃,၅၀၀ကျပ်၊ 95 Ron ၃,၅၅၀ ကျပ်၊ ဒီဇယ်HSD (500 ppm) ၃,၂၂၀ ကျပ်၊ HSD (50 ppm) နှင့် HSD (10 ppm) တို့မှာ ၃,၉၄၀ကျပ် အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။

#PAN