(မှုခင်း) ဇူလိုင် ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-ဟိုပုံးသွား ကားလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြား များသယ်ဆောင်လာသူ ၂ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ဇူလိုင်လ ၂ ရက်၊ နေ့လယ် ၂ နာရီ ၄၅ မိနစ်ခန့်က လူုခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု၊ နောင်လေ ကျေးရွာအနီး၊ တောင်ကြီး-ဟိုပုံးသွား ကားလမ်းမပေါ်တွင် မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းအရ ပိတ်ဆို့စစ်ဆေး ရှာဖွေနေစဉ် ဟိုပုံးမြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ မောင်းနှင်လာသည့် Honda Dream 125 အမျိုးအစား မော်တော်ဆိုင်ကယ် တစ်စီးအား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ဆိုင်ကယ်နောက်မှ လိုက်ပါစီးနင်းလာသူ စိုင်းလင်း (ခ) ကိုစိုင်း ကိုင်ဆောင်ထား သည့် အနီရောင် အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားဟုယူဆရသော WY စာတမ်းပါ ပန်းရောင် ဆေးပြား ၂၀၀၀၀ ပြား၊ အလေးချိန် ၁ ဒသမ ၈ ကီလိုဂရမ်ခန့် နှင့် ဆိုင်ကယ်မောင်းနှင်သူ ခွန်ဗိုလ်ကျော် လွယ်ထား သည့် ဝါးပလိုင်းတောင်းအတွင်းမှ အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြားဟု ယူဆရသော WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀ ပြား၊ အလေးချိန် ၄၅၀ ဂရမ်ခန့်၊ စုစုပေါင်း ဆေးပြား ၂၅၀၀၀ ပြား၊ အလေးချိန် ၂ ဒသမ ၂၅ ကီလိုဂရမ်ခန့်၊ တန်ဖိုးငွေကျပ် သိန်း ၇၅ သိန်းခန့်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး ဖမ်းဆီးရမိသူများ၏ စစ်ဆေးချက်အရ အဆိုပါ မူးယစ်ဆေးဝါးများအား တောင်ကြီး မြို့နယ်၊ နောင်လေကျေးရွာအုပ်စု၊ ငေါက်ဝါးကျေးရွာအထွက် တောစပ်တွင် အမည်မသိ အမျိုးသား တစ်ဦး ထံမှ ဝယ်ယူပြီး တစ်ဆင့်ပြန်လည်ရောင်းချရန် သယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ စိုင်းလင်း (ခ) ကိုစိုင်းနှင့် ခွန်ဗိုလ်ကျော် တို့ ၂ ဦး အား တောင်ကြီးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉(က)/၂၁ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။