ဂျာမနီအရှေ့မြောက်ပိုင်းရှိ မြို့ရှိ တစ်ခုတည်းသော ဆေးရုံတွင် မီးလောင်မှုဖြစ်ပွား၊ လူနာနှစ်ဦး သေဆုံးပြီး ၃၄ ဦး ဒဏ်ရာရကာ လူနာ ၈၀ ကျော်ကို အရေးပေါ်ရွှေ့ပြောင်းခဲ့ရ

(နိုင်ငံတကာ) ဇူလိုင် ၂ 

    ဂျာမနီနိုင်ငံ အရှေ့မြောက်ပိုင်း မက္ကလင်ဘာ့ဂ်-ဗော်ပွန်မန်း (Mecklenburg-Vorpommern) ပြည်နယ်၊ လုဒ်ဝစ်ဂ်စ်လုစ်တ် (Ludwigslust) မြို့ရှိ တစ်ခုတည်းသော ဆေးရုံတွင် ကြာသပတေးနေ့ အစောပိုင်းက မီးလောင်မှုပြင်းထန်စွာ ဖြစ်ပွားခဲ့သဖြင့် လူနာနှစ်ဦး သေဆုံးပြီး အခြားလူ ၃၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များနှင့် ဂျာမနီမီဒီယာများက သတင်းထုတ်ပြန်ခဲ့သည်။               

    အဆိုပါ မီးလောင်မှုသည် လုဒ်ဝစ်ဂ်စ်လုစ်တ်-ပါချင် (Ludw-igslust-Parchim) ခရိုင်ရှိ ဟယ်လန်နီ-ဖွန်-ဘူလိုဝ်-ကလီနီကွန် (Helene-von-Bulow-Klinikum) ဆေးရုံတွင် စတင်ခဲ့ခြင်းဖြစ်သည်။ ဂျာမနီအများပြည်သူပိုင် ရုပ်သံလွှင့်ဌာန NDR ၏ သတင်းထုတ်ပြန်ချက်အရ မီးသည် လူနာဆောင်အခန်းတစ်ခုမှ စတင်လောင်ကျွမ်းခဲ့ပြီးနောက်၊ ဆေးရုံ၏ ဓာတ်မှန်ရိုက်ကူးရေးဌာန (Radiology Department) ၏ တိုက်ရိုက်အပေါ်ဘက်ရှိ အမိုးခုံးဒိုင်းများဆီသို့ လျင်မြန်စွာ ကူးစက်ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်သည်။             

   သေဆုံးသွားသူ နှစ်ဦးစလုံးသည် အဆိုပါဆေးရုံတွင် တက်ရောက်ကုသနေသည့် လူနာများဖြစ်ကြောင်း ခရိုင်အုပ် ချုပ်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့သည်။ အရေးပေါ် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့၏ အစီရင်ခံချက်အရ အခြားထိခိုက်ဒဏ်ရာရသူ ၃၄ ဦးမှာ အဓိကအားဖြင့် မီးခိုးမွှန်ခြင်းကြောင့် ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြခြင်းဖြစ်ပြီး မည်သူမျှ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင် မရှိကြောင်း သိရသည်။                     

     မီးလောင်မှုဖြစ်ပွားချိန်တွင် ဆေးရုံဝင်းအတွင်း မီးခိုးလုံးကြီးများ ထူထပ်စွာ ထွက်ပေါ်နေသဖြင့် အရေးပေါ်ကယ် ဆယ်ရေး ဝန်ထမ်းများက အဆောက်အအုံအတွင်းမှ လူနာ ၈၂ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း DPA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။                    

     ဒေသခံမီဒီယာများတွင် ဖော်ပြချက်အရ ဆေးရုံဝတ်စုံဝတ်ထားသည့် လူနာများကို ကုတင်များနှင့် ဝှီးချဲများဖြင့် ဆေးရုံပတ်ပတ်လည်ရှိ မြက်ခင်းပြင်များနှင့် လူသွားလမ်းများပေါ်သို့ အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပြီး မီးသတ်သမားများနှင့် အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းအင်အား ၁၀၀ ကျော် စေလွှတ်ကာ မီးငြှိမ်းသတ်ခဲ့ရသည်။                

     ဒေသခံရဲတပ်ဖွဲ့က လက်ရှိတွင် မီးကို လုံးဝထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆေးရုံ၏ အရေးပေါ်လူနာဆောင်ကို ယာယီပိတ်ထားခဲ့ရသော်လည်း ယခုအခါ ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ဆေးရုံစီမံခန့်ခွဲမှုအဖွဲ့က ဘေးကင်းလုံခြုံရေး စစ်ဆေးမှုများ ပြီးစီးပါက မီး လောင်မှုဒဏ် မခံရသည့် ဆေးရုံဆောင်များတွင် လုပ်ငန်းလည်ပတ်မှုများကို ပြန်လည်စတင်ရန် ပြင်ဆင်နေသည်။

     လက်ရှိတွင် ရိုစတော့ခ် (Rostock) ရဲဌာနချုပ်က ဤ မီး လောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်နေပြီဖြစ်သော်လည်း၊ လူနာခန်းအတွင်း စတင်မီး လောင်ရသည့် တိကျသော အကြောင်းရင်းကိုမူ ချက်ချင်းအတည်မပြုနိုင်သေးကြောင်း သိရသည်။                

Telegram»…
https://t.me/positiveanglenews

#PAN