(ပြည်တွင်း) ဇူလိုင် ၂
အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအားအပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့်ပစ္စည်းများအား ဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၂ ထပ် လူနေအဆောက်အအုံ ၁ လုံးကို ထပ်မံ၍ စနစ်တကျ ဖောက်ခွဲဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။

အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖောက်ခွဲ၍ ဖျက်ဆီးမည့် အဆောက်အအုံ ၂၀ လုံးဟူ၍ အဆောက်အအုံအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီးစနစ်တကျ ဖြိုချဖျက်ဆီးလျက်ရှိရာ ယမန်နေ့က ယာဉ်ယန္တရားဖြင့် ဖြိုချဖျက်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ ၅၇ လုံးအနက် ၂ ထပ် လူနေအဆောက်အအုံ ၁ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။

အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၇ လုံးအား စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ဖျက်ဆီးရန်ကျန်ရှိသည့် တရားမဝင် အဆောက်အအုံ ၁၀ လုံးကိုလည်း ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
