(ပြည်တွင်း) ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်း ပြည်သူများအား စစ်မှုထမ်းစာရင်းမှ ကင်းလွတ်စေရန်ဟုဆိုကာ ငွေကြေးအမြောက်အများ တောင်းခံခဲ့သည်ဟု စွပ်စွဲခံထားရသည့် လေးဦးကို သက်ဆိုင်ရာတာဝန်ရှိသူများက ဇွန်လ ၃၀ ရက် ညနေပိုင်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
အဆိုပါအမျိုးသားများသည် ဒေသခံပြည်သူအချို့ကို စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍ ဖိအားပေးကာ ငွေကြေးတောင်းခံခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် သက်ဆိုင်ရာက အချိန်အတော်ကြာ စုံစမ်းစစ်ဆေးခဲ့ရာမှ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသူ လေးဦးစလုံးကို အသေးစိတ် စစ်ဆေးမေးမြန်းနေဆဲဖြစ်သဖြင့် အမှုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို တာဝန်ရှိသူများက ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။
အလားတူ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်ကလည်း မိတ္ထီလာမြို့နယ် ဥယျာဉ်ကျေးရွာမှ စစ်မှုထမ်းကြေး ကောက်ခံခဲ့သည်ဟု စွပ်စွဲခံရသည့် ရာအိမ်မှူးနှစ်ဦးကို ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ ၂၆ အရ မိတ္ထီလာမြို့နယ်တရားရုံးက ထောင်ဒဏ်တစ်နှစ်စီ ချမှတ်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့ကြောင်း သိရသည်။
အစိုးရကလည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့် ပတ်သက်သည့် မသမာမှုများ၊ တိုင်ကြားလိုသည့်ကိစ္စများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များမှတစ်ဆင့် သတင်းပေးပို့နိုင်ကြောင်း အသိပေးထားပြီး မမှန်မကန်တိုင်ကြားမှုများကို စိစစ်ဖော်ထုတ်ကာ ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

#PAN