ခြိမ်းခြောက်မှုများကြောင့် ပိတ်ထားရသောကျောင်းများရှိနေ၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြန်လည်ဖွင့်လှစ်ရန် လိုအပ်

(ပညာရေး) ဇွန် ၂၉

အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများအနက် ပြန်လည်ဖွင့်လှစ်နိုင်သည့် အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးသွားရန် လိုအပ်သည်ဟု နိုင်ငံတော်သမ္မတမှပြောကြားခဲ့ကြောင်းသိရ သည်။

ကောင်းစွာပညာသင်ကြားနိုင်ရေးကို ခြိမ်းခြောက်မှုများကြောင့် ပိတ်ထားရသည့် ကျောင်းများရှိနေပြီး ထိုကဲ့သို့ ဆောင်ရွက်မှုများသည် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေသည့်အပြင် ပညာရေးကို ဖျက်ဆီးခြင်းဖြစ်ကာ နိုင်ငံ၏ အနာဂတ်ကို ထိခိုက်စေနိုင်သည်ဟု ယနေ့ ကျင်းပပြုလုပ်သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတမှပြောကြားခဲ့သည်။

ထို‌သို့တွေ့ဆုံချိန်တွငါနိုင်ငံ‌‌ေတာ်သမ္မတမှ ဒေသပျက်စီးရေးဆောင်ရွက်မှုများကို နိုင်ငံချစ်စိတ်၊ ဒေသချစ်စိတ်နှင့် မျိုးချစ်စိတ်ရှိသူများက ဒေသအလိုက် ပူးပေါင်း၍ ဆန့်ကျင်ဆောင်ရွက်သွားရန် လိုအပ်သည့်အပြင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ စာသင်ကျောင်းများ၏ လုံခြုံရေးကို စနစ်တကျ ဆောင်ရွက်ပေးပြီး ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒေသအလိုက် လုံခြုံရေးအစီအစဉ်များကိုလည်း စနစ်တကျ ရေးဆွဲဆောင်ရွက်သွားရန် လိုအပ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်လျက်ရှိပြီး KG+9 မသင်မနေရပညာရေးစနစ်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟုလည်း ပြောကြားခဲ့သည်။

လက်ရှိတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိပြီး တန်းစဉ်ကူးပြောင်းမှုများ တိုးတက်ကောင်းမွန်စေရေးကို သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အခြေခံပညာကျောင်းများမှ ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများ ပိုမိုပေါ်ထွန်းလာစေရေးအတွက် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် ပညာရေးစနစ် မြှင့်တင်ရေးတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများသာမက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များလည်း ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ၏ တစ်ကိုယ်ရည်ကျန်းမာရေးအတွက် ကျောင်းကျန်းမာရေးစစ်ဆေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် မူလတန်းအရွယ်မှစတင်၍ ကောင်းမွန်သည့် အလေ့အကျင့်များ ရရှိစေရေးကိုလည်း အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ကျောင်းတက်ရောက်၍ ပညာသင်ကြားခြင်းမှတစ်ဆင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နီတိနှင့်ကျန်းမာရေးအသိပညာများ ရရှိကာ အာဟာရပြည့်ဝစွာ ကြီးပြင်းလာနိုင်ပါက နိုင်ငံတော်အတွက် လိုအပ်သည့် စွမ်းရည်ပြည့်ဝသော အနာဂတ်လူငယ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

#PAN