PDF ဖမ်းဆီးထားသည့် နတ်မောက်လျှပ်စစ်မှူး ပြန်လွတ်လာ၊ ရေစကြိုတွင် ဆရာ/ဆရာမ (၃) ဦးကို PDF ဖမ်းဆီး

(မှုခင်း) ဇွန် ၂၇

PDF များ ဖမ်းဆီးသွားသည့် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်မှ မြို့နယ်လျှပ်စစ်မှူးတစ်ဦး ပြန်လည်လွတ်မြောက်လာပြီး ရေစကြိုမြို့နယ်တွင် ဆရာ/ဆရာမများအား PDFများ၏ ဖမ်းဆီးခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇွန်လ ၁ ရက်နေ့တွင် မြို့သစ်မြို့နယ် မကျီးကုန်းကြီးလမ်းဆုံ၌ ဖမ်းဆီးခံခဲ့ရသော နတ်မောက် EPC မှ မြို့နယ်လျှပ်စစ်မှူး ဦးအောင်ကျော်ကျော်ကို ဇွန်လ ၂၆ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင်PDF များမှ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်လာကာ ရွှေနတ်ကယ်တောင် တကြောင်းထိုးလမ်း မုဒ်ဦး၌ မျက်နှာပဝါစည်းထားသောအနေဖြင့် လွတ်ပေးခဲ့ကြောင်း သိရသည်။

လွတ်မြောက်လာပြီးနောက် ဦးအောင်ကျော်ကျော်သည် ရွှေနတ်ကယ်တောင် ဘုန်းကြီးကျောင်းသို့ ဝင်ရောက်၍ အကူအညီတောင်းခံခဲ့ပြီးနောက် နတ်မောက်မြို့သို့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

တစ်ဖက်တွင် ဇွန်လ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ပညှင်းကျေးရွာ၌ ကျောင်းဆရာတစ်ဦးနှင့် ဆရာမတစ်ဦး၊ ထို့ပြင် ၎င်း၏သမီးဖြစ်သူ ကျောင်းဆရာမတစ်ဦးတို့ကို အကြမ်းဖက်အဖွဲ့များက နေအိမ်များမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ ပညှင်းကျေးရွာသည် ရေစကြိုတပ်နယ်နှင့် ပေ ၁၅၀၀ ခန့်သာ ဝေးကွာသည့် နေရာတွင်တည်ရှိပြီး တစ်နေ့တည်းအတွင်း ဆရာ/ဆရာမ ၃ ဦး ဖမ်းဆီးခံရမှုကြောင့် မြို့အနီးအနားရှိ ကျေးရွာများတွင် နေထိုင်သည့် ဆရာ/ဆရာမများအနေဖြင့် လုံခြုံရေးအန္တရာယ်အပေါ် စိုးရိမ်မှုများ မြင့်တက်နေကြောင်း သိရသည်။

#PAN