(ပြည်တွင်း) ဇွန် ၂၇
တကယ်ငြိမ်းချမ်းရေးလိုချင်ရင် ဒီနေ့ငြိမ်းချမ်းရေးလိုချင်ရင် ဒီနေ့ရောက်လာ လိမ့်မယ်။ ငြိမ်းချမ်းရေးမလိုချင်ရင်တော့ အကြောင်းပြပြီးတော့ အချိန်ဆွဲမှာ ကျွန်တော်ငြိမ်းချမ်းရေးအတွက်ဖိတ်ခေါ်ပါတယ် လို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

မနေ့ ဇွန်လ ၂၆ ရက်နေ့က နိုင်ငံတော်သမ္မတရုံးမှာကျင်းပပြုလုပ်တဲ့ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီအစည်းအဝေးမှာ နိုင်ငံတော်သမ္မတက ပြောဆိုခဲ့တာဖြစ်ပါတယ်။
“ရက်ပေါင်း ၁၀၀ လို့စတင်ပြောတဲ့အချိန်မှာ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုတွေလုပ်ခဲ့ပါတယ်။ အခုလည်းထပ်ပြောချင်ပါတယ်။ ကျွန်တော်တို့အစိုးရ ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သတ်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲ့အစည်းမဆို ဘာကြိုတင် ကန့်သတ်ချက်မှမထားဘူး။ငြိမ်းချမ်းရေးအတွက်လာပြီးဆွေးနွေးဖို့ ကျွန်တော် ဖိတ်ခေါ်ပါတယ်။ ဒါကိုထပ်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်” နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အဲ့ဒီအစည်းအဝေးမှာပြောဆိုခဲ့ပါတယ်။
ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ရက်ပေါင်း ၁၀၀ စီမံချက်ထဲမှာထည့်ထားတာဟာ ရက်ပေါင်း ၁၀၀ အတွင်းမှာ ကျွန်တော်တို့ အကောင်အထည်ဖော်ဖို့ပြောထားတာဖြစ်ပြီး သို့သော်လည်း တချို့ဟာ ဒါကိုကြိုတင်ကန့်သတ်ချက်မရှိဘူးဆိုပြီးတော့ ရက် ၁၀၀ လို့ ပြောထားတယ် ဆိုပြီးတော့ ပြောကြတာလို့ သူကဆိုပါတယ်။
“ရက် ၁၀၀အတွင်းမှာ ဒါလုပ်တဲ့အတွက်ကြောင့် ဒါလည်း Precaution လို့ ယူဆ၊ စကားကိုပေါက်ပေါက်ရှာရှာပြောတယ်။ ဒါ ကပ်ပြီးတော့လုပ်တာ။ လာပါ၊ပြုပါဆိုတာ ကျွန်တော်တို့လုပ်လို့ရတယ်။ တကယ်လည်းကျွန်တော်လုပ်ချင်ပါတယ်။ အခု ကျွန်တော်ရတဲ့ Channel တိုင်းကနေ ကျွန်တော်ရအောင် ကြိုးစားတယ်။ ကျွန်တော် ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ရဖို့ဆိုရင် ဘာပဲဘယ်လောက် ကုန်ကုန် ငါလုပ်မယ်လို့ ပြောတယ်။ တိုင်းပြည်ကို ကောင်းစေချင်တယ်” နိုင်ငံတော်သမ္မတက ပြောပါတယ်။
အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နောက်မှာ ပြည်ပနိုင်ငံတွေနဲ့အဖွဲ့အစည်းတွေက ကြိုးကိုင်ချယ်လှယ်ဆောင်ရွက်မှုတွေရှိတာကြောင့် အခက်အခဲတွေအကြားကအကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီး နောက်ဆုံးမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ နိုင်ငံတော်သမ္မတက ပြောပါတယ်။
“ကျွန်တော်တို့ နောက်ကျကျန်ခဲ့တယ်ဗျ။ ဒါစဉ်းစားကြည့်ပါ။ ကျွန်တော်တို့မှာခြေလှမ်းရှေ့တိုးတယ်ဆိုမှ အချုပ်အနှောင်နဲ့ ချုပ်နှောင်ထားတဲ့ ခြေလှမ်းနဲ့ရှေ့တိုးနေရတာ။ တကယ်တော့ မရောက်ဘူး။ ခုနအချုပ်အနှောင်ဆိုတာ ပြဿနာတွေနဲ့ချုပ်နှောင်ထားတာ။ အခက်အခဲတွေနဲ့ ချုပ်နှောင်ထားတာ။ ကျွန်တော်တို့မှာလွတ်လွတ်လပ်လပ်မရှိဘူး။ ပြောရရင်တော့ဗျာ မြင်းဇောင်းထဲက ထွက်လာတဲ့ မြင်းလိုတစ်ခါထဲဝုန်းဝုန်းဝုန်းဆိုပြီး ထွက်သွားချင်တာ။ ဒီလိုသွားချင်တာ။ အခုကမသွားနိုင်ဘူး။ အတားအဆီးတွေ ရှိနေတယ်။ အဲဒီ အတားအဆီးတွေက ပဋိပက္ခတွေပါ” လို့ မနေ့ပြုလုပ်တဲ့အစည်းအဝေးအဖွင့်အမှာစကားမှာနိုင်ငံတော်သမ္မတက ပြောပါတယ်။
အတားအဆီးတွေက နိုင်ငံရေးပဋိပက္ခ၊ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေပြီး ဒါကိုပြတ်အောင်၊ရှင်းအောင် လုပ်ဖို့လိုဒါကြောင့် ဒီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ EAOတွေအေနနဲ့ တကယ်ငြိမ်းချမ်းရေး လိုချင်ရင် လာခဲ့ဖို့နဲ့ ဘာကြိုတင်သတ်မှတ်ချက်မှ မရှိဘဲ ဆွေးနွေးကြမယ်” နိုင်ငံတော်သမ္မတက ဖိတ်ခေါ်ထားပါတယ်။
#PAN