ဥရောပတွင် သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး အပူလှိုင်း ရိုက်ခတ်၊ ရာသီဥတုပြောင်းလဲမှုကြောင့် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်ကျော်အထိ မြင့်တက်ကာ လူသေဆုံးမှုများရှိနေ

(နိုင်ငံတကာ) ဇွန် ၂၆      

   လက်ရှိဥရောပတိုက်တွင် ကြုံတွေ့နေရသည့် သမိုင်းဝင်အလွန် အမင်းပူနွေးမှုသည် လူသားတို့ကြောင့်ဖြစ်ရသည့် ရာသီဥတုပြောင်းလဲမှု (Climate Change) ကြောင့်သာ ဖြစ်ပွားခြင်းဖြစ်ပြီး၊ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ခန့်ကဆိုလျှင် ယခုကဲ့သို့ဖြစ်ရန် “လုံးဝ မဖြစ်နိုင်သလောက်” ပင် ဖြစ်ကြောင်း ကမ္ဘာ့ရာသီဥတုသိပ္ပံပညာရှင်များအဖွဲ့ (World Weather Attribution) က သောကြာနေ့တွင် အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။

​​     ဥရောပ၌ မြင့်မားသောအပူချိန်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့် ၁၉၇၆ ခုနှစ် ဇွန်လ၏ ရာသီဥတုအခြေအနေနှင့် နှိုင်းယှဉ်ပါက ယခုကဲ့သို့ တူညီသောဝိသေသလက္ခဏာရှိသည့် အပူလှိုင်းမျိုးသည် ထိုစဉ်ကဆိုလျှင် ၃.၅ ဒီဂရီဆဲလ်စီးယပ်စ်ခန့် ပိုမိုအေး မြနေလိမ့်မည်ဟု World Weather Attribution အဖွဲ့က ခန့်မှန်းတွက်ချက်ထားသည်။ အလား တူပင် ၂၀၀၃ ခုနှစ်က ဖြစ်စဉ်အတွင်း၌လည်း အပူချိန်မှာ လက်ရှိထက် ၂ ဒီဂရီဆဲလ်စီးယပ်စ်ခန့် ပိုမိုအေးမြနေလိမ့် မည်ဟု သုတေသနက ညွှန်ပြနေ သည်။                  

     လက်ရှိတွင် ပြင်သစ်၊ အီတလီ၊ စပိန်နှင့် ဗြိတိန်နိုင်ငံတို့အပါ အဝင် ဥရောပတစ်လွှားရှိ မြို့ကြီးများ၌ နေ့ခင်းဘက်အပူချိန်မှာ ၄၀ ဒီဂရီဆဲလ်စီးယပ်စ် (၁၀၄ ဒီဂရီဖာရင်ဟိုက်) အထက်သို့ ကျော်လွန်နေပြီး လူသန်းပေါင်းများစွာ အပူဒဏ်ခံနေရသည်။ အဆိုပါ ပြင်းထန်သောအပူလှိုင်းကြောင့် တိုက်ကြီး၏အနောက်ဘက်စွန်းဒေသများတွင် လူပေါင်း ဒါဇင်နှင့်ချီ သေဆုံးခဲ့ရပြီး၊ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများနှင့် ဒေသတွင်းစီးပွားရေးအပေါ် ဖိစီးမှုများစွာ ဖြစ်ပေါ်စေခဲ့သည်။

Screenshot

   လက်ရှိတွင် ၎င်းအပူလှိုင်းသည် အရှေ့ဘက်သို့ ဆက်လက်ရွေ့လျားနေသဖြင့် ဂျာမနီနှင့် ဥရောပအလယ်ပိုင်းနိုင်ငံများပါ ထပ်မံခြိမ်းခြောက်ခံနေရသည်။ ​သုတေသနပြုချက်များအရ ကမ္ဘာကြီးသည် စက်မှုခေတ်မတိုင်မီကထက် ၁.၄ ဒီဂရီဆဲလ်စီးယပ်စ်ခန့် ပိုမိုပူနွေးလာခဲ့ပြီး ယင်းမှာ ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဲ့သို့သော ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများကို အလွန်အကျွံလောင်ကျွမ်းစေခြင်းကြောင့် ဖြစ်သည်။                   

     သိပ္ပံပညာရှင်များက ဥရောပရှိ မြို့ပေါင်း ၈၅၀ နီးပါးကို ဆန်း စစ်ခဲ့ရာ ၄၅ ရာခိုင်နှုန်းခန့်သည် ၎င်းတို့၏ သမိုင်းတစ်လျှောက် အမြင့်ဆုံးအပူချိန် စံချိန်ဟောင်းများကို ချိုးဖျက်ခဲ့ကြောင်း တွေ့ရှိရသည်။ လန်ဒန်အင်ပီရီရယ်ကောလိပ်မှ ပညာရှင် သီအေါဒေါ ကီးပင်း (Theodore Keeping) က “အနာဂတ်မှာ ဒီထက်ပိုဆိုးတဲ့ နောက်ဆက် တွဲဆိုးကျိုးတွေကို ရှောင်ရှားချင်ရင် ကျောက် ဖြစ်ရုပ်ကြွင်းလောင်စာတွေ သုံးစွဲမှုကို လျင်မြန်စွာ အဆင့်ဆင့်ရပ်ဆိုင်းပစ်ဖို့က အလွန်အရေးကြီးပါတယ်” ဟု သတိပေးပြောကြားခဲ့သည်။

Telegram»…
https://t.me/positiveanglenews

#PAN