
(နိုင်ငံတကာ) ဇွန် ၂၄
ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂို (DR Congo)တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်လုပ်ကိုင်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့် ပြင်သစ်လူမျိုး ဆရာဝန်တစ်ဦးတွင် အသက်အန္တရာယ်စိုးရိမ်ရသည့် အီဗိုလာ (Ebola) ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း ပြင်သစ်ကျန်းမာရေးအာဏာပိုင်များက ယနေ့(ဗုဒ္ဓဟူးနေ့)တွင် အတည် ပြုထုတ်ပြန်လိုက်သည်။
ယခုဖြစ်စဉ်သည် လက်ရှိ အာဖရိကအလယ်ပိုင်းတွင် အရှိန် အဟုန်ဖြင့် ကူးစက်ပျံ့နှံ့နေသည့် အီဗိုလာရောဂါအခြေအနေအတွင်း ပြင်သစ်နိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ရောဂါပိုးရှိသူ လူနာကို စတင်တွေ့ရှိရခြင်း ဖြစ်သည်။
ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အဆို ပါ ဆရာဝန်သည် ကွန်ဂိုနိုင်ငံအတွင်း ဗိုင်းရပ်စ်ပိုး အပြင်းအထန် ကူးစက်ပျံ့နှံ့နေသည့် နယ်မြေတစ်ခု၌ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ ပြင်သစ်နိုင်ငံသို့ ရောက်ရှိလာချိန်တွင် ရောဂါပိုး ကူးစက်ပျံ့နှံ့နိုင်ခြေ တစ်စုံတစ်ရာမရှိစေရန်အတွက် လေဆိပ်မှတစ်ဆင့် တင်းကျပ်သော ဇီဝလုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (Biosafety protocols)အတိုင်း ဘေးကင်းလုံခြုံစွာ သီးခြားခွဲထုတ်ကာ ထိပ်တန်းအဆင့်မြင့် ဆေးရုံကြီးတစ်ခုသို့ လွှဲပြောင်းကုသပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် အဆိုပါလူနာနှင့် လေယာဉ်ပေါ်တွင်ဖြစ်စေ၊ လမ်းခရီး တွင်ဖြစ်စေ ထိတွေ့မှုရှိခဲ့နိုင်သည့် ပုဂ္ဂိုလ်များကို လိုက် လံရှာဖွေဖော်ထုတ်ရန် ကူးစက်ရောဂါဗေဒဆိုင်ရာ စုံစမ်းစစ် ဆေးမှုများကို အရေးပေါ်လုပ်ဆောင်နေပြီး၊ ၎င်းတို့ကို ၂၁ ရက်ကြာ မိမိဘာသာ အိမ်၌ သီးခြားခွဲနေထိုင်ရန် (Self-isolate) ညွှန်ကြားသွားမည် ဖြစ်သည်။
ပြီးခဲ့သည့် မေလကတည်းက ကွန်ဂိုနိုင်ငံမြောက်အရှေ့ပိုင်း အီတူရီ (Ituri) ပြည်နယ်မှ စတင်ခဲ့သော အဆိုပါ အီဗိုလာရော ဂါကူးစက်မှုကြောင့် လက်ရှိအချိန်အထိ လူပေါင်း ၂၆၀ ကျော် သေဆုံးကာ တစ်ထောင်ကျော် ကူးစက်ခံထားရပြီး အိမ်နီးချင်း ယူဂန်ဒါနိုင်ငံသို့ပါ ကူးစက်မှုများ ရောက်ရှိနေပြီ ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း မေလ ၁၇ ရက်နေ့တွင် ယခုအခြေအနေကို “နိုင်ငံတကာအဆင့် စိုးရိမ်ရသည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ” (PHEIC) အဖြစ် သတ် မှတ်ကြေညာခဲ့သည်။ အထူးသဖြင့် ယခင်က ဖြစ်ပွားခဲ့သော အီဗိုလာဗိုင်းရပ်စ်များနှင့်မတူဘဲ ယခုတစ်ကြိမ် ကူးစက်မှုသည် ဘန်ဒီဗူဂျို (Bundibugyo) ဟုခေါ်သည့် ဗိုင်းရပ်စ်မျိုးကွဲအသစ်ကြောင့် ဖြစ်ပွားနေခြင်းဖြစ်ပြီး ၎င်းမျိုးကွဲအတွက် လက်ရှိအချိန်အထိ ကမ္ဘာပေါ်တွင် တရားဝင်အတည်ပြုထားသည့် ကာကွယ် ဆေး သို့မဟုတ် ကုသဆေးများ လုံးဝမရှိသေးခြင်းကြောင့် ကမ္ဘာ့ကျန်းမာရေးကဏ္ဍတွင် စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လျက်ရှိကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews
#PAN