ရန်ကုန်–မော်လမြိုင်–ရန်ကုန် ခရီးစဉ်တွင် ခေတ်မီ DEMU ရထားများ စတင်ပြေးဆွဲမည်

(ပြည်တွင်း) ဇွန်၂၄

ရန်ကုန်–မော်လမြိုင် လမ်းပိုင်းတွင် အမှတ် (၈၃) အဆန် ရန်ကုန်–မော်လမြိုင် ခရီးစဉ်နှင့် အမှတ် (၈၄) အစုန် မော်လမြိုင်–ရန်ကုန် ခရီးစဉ်များကို လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများဖြင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်–မော်လမြိုင် အမှတ် (၈၃) အဆန်ရထားသည် ခရီးလမ်းတစ်လျှောက်တွင် တံတားဘောင်များ ဘူတာရုံအမိုးများနှင့်လွှတ်ကင်းစေရေး လှေကားခုံများချိန်ညှိခြင်းများကိုပြုလုပ်ခဲ့ပြီး  ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် မော်လမြိုင်ဘူတာသို့ရောက်ရှိပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ အမှတ် (၈၃)/(၈၄) DEMU ရထားများသည် နံနက် ၅ နာရီတွင် ရန်ကုန်မြို့မှ ထွက်ခွာပြီး နံနက် ၁၁ နာရီတွင် မော်လမြိုင်မြို့သို့ ဆိုက်ရောက်မည်ဖြစ်သည်။ ထို့နောက် မွန်းတည့် ၁၂ နာရီတွင် မော်လမြိုင်မြို့မှ ပြန်လည်ထွက်ခွာကာ ညနေ ၆ နာရီတွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ရထားတွဲဆိုင်းတစ်ဆိုင်းတွင် အထက်တန်းတွဲ (၂) တွဲနှင့် ပထမတန်းတွဲ (၄) တွဲ ပါဝင်ပြီး အထက်တန်းတွင် ခရီးသည် ၇၂ ဦးနှင့် ပထမတန်းတွင် ၂၄၀ ဦး စုစုပေါင်း ၃၁၂ ဦး စီးနင်းနိုင်မည်ဖြစ်သည်။

လက်မှတ်ခနှုန်းထားအနေဖြင့် အထက်တန်းခရီးစဉ်အတွက် ငွေကျပ် ၂၂,၀၀၀ နှင့် ပထမတန်းအတွက် ငွေကျပ် ၁၆,၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါရထားသည် တိုးကြောင်ကလေး၊ ပဲခူး၊ သိမ်ဇရပ်၊ ကျိုက်ထို၊ သထုံနှင့် ပေါင်ဘူတာများတွင် ရပ်တန့်မည်ဖြစ်ပြီး ခရီးစဉ်တစ်လျှောက် စုစုပေါင်း ခရီးသွားချိန် ၆ နာရီသာ ကြာမြင့်မည်ဖြစ်သဖြင့် နေ့ချင်းပြန် ခရီးသွားလာနိုင်မည်ဖြစ်သည်။

ထို့အပြင် လက်ရှိပြေးဆွဲနေသည့် အမှတ် (၈၁)/(၈၂) လူစီးအမြန်ရထားနှင့် ယခုအသစ်ပြေးဆွဲမည့် DEMU ရထားများအတွက် လက်မှတ်များကို Online Railways Ticketing and Payment System (ORTP) မှတစ်ဆင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး ခရီးစဉ်အစအဆုံးအတွက် (၇) ရက်ကြိုတင်နှင့် ကြားဘူတာများအတွက် (၅) ရက်ကြိုတင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

#PAN