၁ နှစ်မလှုပ်ရှားသော ငွေစာရင်းများ Dormant အဖြစ် သတ်မှတ်မည်ဟု AYA ဘဏ် အသိပေး

(စီးပွားရေး) ဇွန် ၂၂

ဧရာဝတီဘဏ် (AYA Bank) မှ ဖွင့်လှစ်ထားသော ငွေစာရင်းများအနက် (၃၆၅) ရက်နှင့်အထက် ငွေသွင်း/ငွေထုတ် ပြုလုပ်ခြင်းမရှိသော စာရင်းများကို “စာရင်းသေစာရင်း (Dormant Account)” အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဘဏ်၏ ကြေညာချက်အရ စာရင်းရှင်စာရင်း (Current Account)၊ ငွေစုစာရင်း (Savings Deposit) နှင့် ခေါ်ယူအပ်ငွေစာရင်း (Call Deposit) များတွင် စာရင်းပိုင်ရှင်မှ နောက်ဆုံး ငွေလှုပ်ရှားမှု ပြုလုပ်ခဲ့သည့်နေ့မှ စ၍ (၃၆၅) ရက်ပြည့်မြောက်သည်အထိ မည်သည့် ငွေလှုပ်ရှားမှုမှ မရှိပါက Dormant Account အဖြစ် သတ်မှတ်သွားမည်ဖြစ်သည်။

ထိုသို့ Dormant Account အဖြစ် သတ်မှတ်ထားသော ငွေစာရင်းများကို ပြန်လည်အသုံးပြုလိုပါက AYA Bank ၏ ဘဏ်ခွဲများသို့ ကိုယ်တိုင် သွားရောက်ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ပြီး iBanking၊ mBanking၊ AYA Pay၊ ATM နှင့် Card စနစ်များမှ တိုက်ရိုက် အသုံးပြုနိုင်မည်မဟုတ်ကြောင်း သိရသည်။

ထို့အပြင် အသုံးမပြုသော စာရင်းများ (Inactive Account) အတွက် စာရင်းထိန်းသိမ်းခ ကျပ် (၃၀၀၀) နှင့် Dormant Account များအတွက် ကျပ် (၅၀၀၀) ကို (၃) လတစ်ကြိမ် ငွေစာရင်းမှ ကောက်ခံသွားမည်ဖြစ်သည်။ ပထမအကြိမ် ကောက်ခံပြီးနောက် (၉၀) ရက်အတွင်း စာရင်းပိုင်ရှင်မှ ဆက်သွယ်ဆောင်ရွက်ခြင်း မရှိပါက ထပ်မံကောက်ခံသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

စာရင်းထိန်းသိမ်းခများကို ငွေစာရင်းလက်ကျန် ကုန်ဆုံးသည်အထိ (၃) လတစ်ကြိမ် ဆက်လက်ကောက်ခံသွားမည်ဖြစ်ပြီး လက်ကျန်ငွေ ကုန်ဆုံးသည့်အခါတွင် အဆိုပါ ငွေစာရင်းများကို ဘဏ်မှ အလိုအလျောက် ပိတ်သိမ်းသွားမည်ဖြစ်သည်။

ထို့အပြင် (၇) နှစ်နှင့်အထက် ကြာမြင့်သည့် Dormant Account များအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေရေးကြေးရေးဆိုင်ရာ ဥပဒေများနှင့် မူဝါဒများအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဧရာဝတီဘဏ်မှ အသိပေးထားသည်။