
(မှုခင်း) ဇွန် ၂၂
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၁၇/၇) ဖာလုံအနီးတွင် ဇွန် ၂၂ ရက် နံနက်အစောပိုင်းက ခရီးသည်တင် Express ယာဉ်နှစ်စီး တိုက်မိမှုဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နံနက် ၃ နာရီဝန်းကျင်ခန့်တွင် ရတနာဖြိုး Express ယာဉ်အား အနောက်ဘက်မှ လိုက်ပါမောင်းနှင်လာသည့် ရွှေမန္တလာ Express ယာဉ်က ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ၂ ဦးနှင့် ယာဉ်နောက်လိုက် (စပါယ်ယာ) ၁ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၄ ဦးတွင် အမျိုးသား ၃ ဦးနှင့် ကိုရင် ၁ ပါး ပါဝင်ကြောင်းနှင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို ဆေးရုံသို့ ပို့ဆောင်ထားပြီး ဒဏ်ရာရရှိသူများကိုလည်း ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။
အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၏ စာရင်းများအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလကုန်အထိ ယာဉ်မတော်တဆမှု ၅၂ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၂ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၆၃ ဦး ရှိခဲ့ကြောင်း သိရသည်။