PDF အမည်ခံအဖွဲ့ဝင် ၃၇၆ ဦး လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက် — ဆုကြေးငွေများပေးအပ်ပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲအပ်

(ပြည်တွင်း) ဇွန် ၂၀

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၃၃၈ ဦးနှင့် အမျိုးသမီး ၃၈ ဦး၊ စုစုပေါင်း ၃၇၆ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဇွန်လ ၁၉ ရက်နေ့တွင် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အဆိုပါ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အောင်မြေသာစံမြို့နယ်မှ အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၅ ဦး၊ ချမ်းမြသာစည်မြို့နယ်မှ အမျိုးသား ၃ ဦး၊ အမရပူရမြို့နယ်မှ အမျိုးသား ၄၀ ဦး၊ အမျိုးသမီး ၄ ဦး၊ ပြင်ဦးလွင်မြို့နယ်မှ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၃ ဦး၊ သပိတ်ကျင်းမြို့နယ်မှ အမျိုးသား ၄၅ ဦး၊ အမျိုးသမီး ၃ ဦး၊ မိုးကုတ်မြို့နယ်မှ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၈ ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ၅ ဦး၊ မိုးမိတ်မြို့နယ်မှ အမျိုးသား ၁ ဦး၊ မတ္တရာမြို့နယ်မှ အမျိုးသား ၅၀ ဦး၊ အမျိုးသမီး ၂ ဦး၊ မြင်းခြံမြို့နယ်မှ အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၄ ဦး၊ ညောင်ဦးမြို့နယ်မှ အမျိုးသား ၃ ဦး၊ ချောက်မြို့နယ်မှ အမျိုးသား ၄ ဦး၊ ပျော်ဘွယ်မြို့နယ်မှ အမျိုးသား ၁ ဦး၊ ကျောက်ဆည်မြို့နယ်မှ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၂ ဦး၊ တံတားဦးမြို့နယ်မှ အမျိုးသား ၂ ဦး၊ စဉ့်ကိုင်မြို့နယ်မှ အမျိုးသား ၁ ဦး၊ မြစ်သားမြို့နယ်မှ အမျိုးသား ၃ ဦး၊ ငဖဲမြို့နယ်မှ အမျိုးသား ၇ ဦး၊ စလင်းမြို့နယ်မှ အမျိုးသား ၂ ဦး၊ စေတုတ္တရာမြို့နယ်မှ အမျိုးသား ၁ ဦး၊ ပွင့်ဖြူမြို့နယ်မှ အမျိုးသား ၂ ဦး၊ သရက်မြို့နယ်မှ အမျိုးသား ၄ ဦး၊ မင်းတုန်းမြို့နယ်မှ အမျိုးသား ၃ ဦး၊ တောင်တွင်းကြီးမြို့နယ်မှ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၁ ဦး၊ ပခုက္ကူမြို့နယ်မှ အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ကျောမြို့နယ်မှ အမျိုးသား ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။စုစုပေါင်း အမျိုးသား ၃၃၈ ဦး၊ အမျိုးသမီး ၃၈ ဦး၊ စုစုပေါင်း ၃၇၆ ဦးအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရန်အောင်မြင်ခန်းမ၌ ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲ ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးနှင့် တာဝန်ရှိသူများ၊ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအရာရှိများ၊ စစ်သည်များနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် လက်နက်ခဲယမ်းများကို လွှဲပြောင်းအပ်နှံခဲ့ကြသည်။

လွှဲပြောင်းအပ်နှံသည့် လက်နက်များတွင် MA-1 အမျိုးအစား ၈ လက်၊ MA-2 အမျိုးအစား ၂ လက်၊ MA-3 အမျိုးအစား ၈ လက်၊ M-22 အမျိုးအစား ၂ လက်၊ AK47 ၁ လက်၊ MA-11 ၁ လက်၊ Type-81 ၂ လက်၊ ပစ္စတို ၂ လက်၊ လက်လုပ်သေနတ် ၁၂ လက်၊ ကျည်အိမ်မျိုးစုံ ၃၉ ခု၊ ကျည် ၇၉၀ တောင့်၊ လက်ပစ်ဗုံး ၅ လုံး၊ စကားပြောစက် ၃ လုံးနှင့် မှန်ပြောင်း ၁ လက်တို့ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် မောင်းပြန်ရိုင်ဖယ် ၂၄ လက်အတွက် သိန်း ၁၂၀၀၊ ပစ္စတို ၂ လက်အတွက် သိန်း ၄၀၊ လက်လုပ်သေနတ် ၁၂ လက်အတွက် သိန်း ၆၀၊ လက်ပစ်ဗုံး ၅ လုံးအတွက် သိန်း ၁၅၊ စကားပြောစက် ၃ လုံးအတွက် သိန်း ၆၊ မှန်ပြောင်း ၁ လက်အတွက် သိန်း ၂၊ လက်နက်မပါသူ ၃၄၁ ဦးအတွက် တစ်ဦးလျှင် ၁ သိန်းနှုန်းဖြင့် သိန်း ၃၄၁ စုစုပေါင်း ကျပ် ၁၆၆၄ သိန်းကို ဆုကြေးငွေအဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ခံဝန်ကတိလက်မှတ်ရေးထိုးစေ၍ မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲအပ်ခဲ့ပြီး လက်နက်ခဲယမ်းများကို တာဝန်ရှိသူများက လိုက်လံစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ အဖွဲ့ဝင်များသည် မိသားစုအကြပ်ကိုင်စုဆောင်းခံရခြင်း၊ အဖွဲ့အတွင်း အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်ခြင်း၊ အချင်းချင်းအကြမ်းဖက်မှုများ၊ ဆင်းရဲပင်ပန်းမှုများနှင့် စိတ်ဓာတ်ကျဆင်းမှုများကြောင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအား နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများမှတစ်ဆင့် ဆက်သွယ်နိုင်ပြီး လက်နက်ခဲယမ်းများအတွက် ဆုကြေးငွေများနှင့်အတူ ကြိုဆိုလက်ခံမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

#PAN