သထုံဒုံသမိတံတားဂိတ်တွင် မော်တော်ယာဉ်တစ်စီးမှ စိတ်ကြွဆေးပြား ၄၆၆,၀၀၀ ပြား ဖမ်းဆီးရမိ

(မှုခင်း) ဇွန် ၂၀

မွန်ပြည်နယ်၊ သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာရှိ ဒုံသမိတံတားဂိတ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများပြုလုပ်စဉ် မော်တော်ယာဉ်တစ်စီးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၆၆,၀၀၀ ပြားခန့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၈ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် သထုံဘက်မှ မောင်းနှင်လာသည့် PAJERO အမျိုးအစား ခဲရောင်မော်တော်ယာဉ် (လိုင်စင်စိစစ်ဆဲ) ကို ယာဉ်မောင်း ကျော်မင်းနိုင် (ခ) သိန်းဇော် (၃၅ နှစ်) နှင့်အတူ စစ်ဆေးရာ ယာဉ်၏ နောက်ခန်းနှင့် ရှေ့ဘက်ဘီးဖုံးအပေါ်ရှိ အံဝှက်များအတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများကို သုံးနေရာခွဲ၍ ထုပ်ပိုးထားသည့်အတိုင်း တွေ့ရှိခဲ့သည်။

စုစုပေါင်းအနေဖြင့် အိတ် ၂,၃၃၀ ခန့်အတွင်း ထုပ်ပိုးထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၆၆,၀၀၀ ပြားခန့်ကို သိမ်းဆည်းရမိခဲ့ပြီး ခန့်မှန်းတန်ဖိုး ကျပ် ၁၃,၉၈၀ သိန်းခန့်ရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသူနှင့် မော်တော်ယာဉ်ကို သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအပ်နှံပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်း၍ ဆက်လက်တိုးမြှင့်ဆောင်ရွက်နေပြီး ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးဆိုင်ရာ သတင်းအချက်အလက်များကို သက်ဆိုင်ရာသို့ အချိန်မီသတင်းပေးပို့ရန် တိုက်တွန်းထားကြောင်းလည်း သိရသည်။

#PAN