နိုင်ငံတော်သမ္မတ ၏ ဦးဆောင်မှုအောက်တွင် ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း NDAA ပြော

(ပြည်တွင်း) ဇွန် ၂၀

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက်နေ့များတွင် ရှမ်းပြည်နယ်အတွင်းရှိ မိုင်းလားနှင့် ပန်ဆန်းမြို့များသို့ သွားရောက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၇ ရက်တွင် ရှမ်းပြည်နယ်၊ မိုင်းလားမြို့၌ NDAA (အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့) ဥက္ကဋ္ဌ ဦးထိန်လင်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အစိုးရသစ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့် ဆက်လက်အကောင်အထည်ဖော်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် NDAA ဥက္ကဋ္ဌ ဦးထိန်လင်းက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၏ ဦးဆောင်မှုအောက်တွင် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုစီးပွားတည်ငြိမ်ရေးတို့ကို အလေးထားဆောင်ရွက်နေမှုအပေါ် အသိအမှတ်ပြုကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် NDAA ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအခြေအနေကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်သူများက ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင် ဆရာ/ဆရာမ လိုအပ်ချက်၊ စိုက်ပျိုးမွေးမြူရေးဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု နှိမ်နင်းရေး၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုကာကွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့ရေးတို့အပါအဝင် ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ဇွန်လ ၁၈ ရက်တွင်လည်း ကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်နယ်၊ ပန်ဆန်းမြို့သို့ သွားရောက်ခဲ့ရာ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းနှင့် အဆင့်မြင့်ခေါင်းဆောင်များက ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးကော်မတီဖွဲ့စည်းထားမှု၊ ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြပြီး UWSP ဘက်မှလည်း ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ထိန်းသိမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောထားများကို တင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက နိုင်ငံရေးအခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အမြင်ချင်းဖလှယ်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

#PAN