အောင်မြေသာစံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

(မှုခင်း) ဇွန် ၂၀

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဇွန် ၁၇ ရက် မွန်းလွဲပိုင်းတွင် အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ်ကွက်အတွင်းရှိ YiLink ဟိုတယ်၌ မူးယစ်ဆေးဝါးသယ်ဆောင်လာသူများ လာရောက်တည်းခိုနေထိုင်ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များက သွားရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ရေဝတ (ခ) ဝင်းဇော် (၄၀) နှစ်နှင့်အတူ ကားပါကင်၌ရပ်တန့်ထားသည့် ယာဉ်အမှတ်၊ RLG— BOXY ယာဉ်ပေါ်တွင် ဆာလာအိတ် လေးအိတ်အတွင်းမှ WY/R စာတန်းပါ အနီရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပါ အထုပ် ၁၁၀ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၁ သိန်း ကာလတန်ဖိုး ခန့်မှန်း ငွေကျပ် ၁ ဒသမ ၆၅ ဘီလီယံကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူ၏ ထွက်ဆိုချက်အရ ဆက်စပ်တရားခံများဖြစ်သည့် ဇော်ဇော်နိုင် (၃၃) နှစ်၊ စိုးမင်းထွန်း (၄၀) နှစ်နှင့် မောင်ဝင်းကြီး (၃၃) နှစ်တို့အား အဆိုပါဟိုတယ်၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တရားခံများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

#PAN