အပစ်ရပ်သတ်မှတ်ချိန်ကျော်သော်လည်း အစ္စရေးက လက်ဘနွန်ကို ဆက်လက်ဗုံးကြဲ၊ အမေရိကန်-အီရန် ဆွေးနွေးပွဲများ ပျက်ပြားခဲ့ရပြီး “အစ္စ ရေးသည် အမြဲတမ်းစစ်ပွဲကိုသာ လိုလားနေ” ဟု အီရန်စွပ်စွဲ

(နိုင်ငံတကာ) ဇွန် ၂၀

     ​​ကာတာ၊ အမေရိကန်နှင့် အီရန်တို့၏ ကြားဝင်စေ့စပ်မှုကြောင့် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား အပစ်အခတ်ရပ်စဲရန် သဘောတူညီမှု ရရှိခဲ့သော်လည်း၊ အစ္စရေးဘက်က ကတိကဝတ်ကို ချိုးဖောက်ကာ လက်ဘနွန်တောင်ပိုင်းကို ဆက်လက်တိုက် ခိုက်ခဲ့သည့်အတွက် ဒေသတွင်းငြိမ်း ချမ်းရေး ဖော်ဆောင်မှုများ လမ်းချော်ကာ အမေရိကန်-အီရန် ထိပ်သီးဆွေးနွေးပွဲများပါ ပျက်ပြားသွားခဲ့ရကြောင်း သိရသည်။

     သောကြာနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် အပစ်အခတ်ရပ်စဲရေး စတင်ရန် နှစ်ဦးနှစ်ဘက် သဘောတူခဲ့ကြသော် လည်း၊ ယင်းသတ်မှတ်ချိန် ပြီးနောက်တွင်လည်း အစ္စရေးက လက်ဘနွန်တောင်ပိုင်းသို့ လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၁၂ ကြိမ်နှင့် အမြောက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်။

     အပစ်ရပ်စဲရေး အသက်ဝင်ပြီးနောက် အစ္စရေးဒရုန်းတိုက် ခိုက်မှုကြောင့် မော်တော်ဆိုင်ကယ်စီးလာသူ အရပ်သား ၂ ဦး သေဆုံးခဲ့ရပြီး၊ သောကြာနေ့တစ်ရက်တည်းတွင်ပင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လက်ဘနွန်၌ သေ ဆုံးသူ အနည်းဆုံး ၄၇ ဦးနှင့် ဒဏ်ရာရသူ ၉၇ ဦးအထိ ရှိခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

     ယခုကဲ့သို့ မြေပြင်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းကြောင့် ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပရန် စီစဉ်ထားသည့် အမေရိကန်နှင့် အီရန်တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ဆိုင်ရာ ဆွေးနွေးပွဲများကို သောကြာနေ့တွင် အရေးပေါ်ဖျက် သိမ်းလိုက်ရသည်။ အီရန်အရာရှိများက လက်ဘနွန်တွင် တိုက်ပွဲများအပြီးတိုင် မရပ်စဲသရွေ့ ဆွေး နွေးပွဲများ စတင်မည်မဟုတ်ကြောင်း ဆွစ်ဇာလန်ခရီးစဉ်ကို ဖျက်သိမ်းကာ တုံ့ပြန်ခဲ့သလို၊ အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်ကလည်း ၎င်း၏ခရီးစဉ်ကို ရွှေ့ ဆိုင်းခဲ့ရသည်။

      အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရတ်ခ်ချီက “MoU ပါ ကတိကဝတ်တွေကို ချိုးဖောက်မှုမှန်သမျှဟာ ဝါရှင်တန်ရဲ့ တာဝန်သာဖြစ်ပြီး ဆိုးကျိုးတွေ သက်ရောက်လာလိမ့်မယ်” ဟု သတိပေးခဲ့သည်။

     အခြားတစ်ဖက်တွင်လည်း တိုက်ပွဲအတွင်း အစ္စရေးစစ်သား ၄ ဦး သေဆုံးခဲ့ပြီးနောက် အစ္စရေးအစွန်းရောက်လက်ယာသမား အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂါဗီယာက “အမေရိကန်တွေကို လေးစားပါတယ်၊ ဒါပေမဲ့ လက်ဘနွန်တစ်ခုလုံး မီး လောင်ပြာကျရမယ်။ အရှေ့အလယ်ပိုင်းမှာ ထိန်းထိန်းသိမ်းသိမ်းလုပ်နေလို့ မရဘူး၊ ရူးသွပ်ပစ်ဖို့ (အမြစ်ပြတ်ချေမှုန်းဖို့)လိုတယ်” ဟု လူသိရှင်ကြား တိုက်တွန်းခဲ့သည်။

     ယင်းအပေါ် အီရန်နိုင်ငံခြားရေးဝန်ကြီးက “တယ်လ်အဗီဗ်မှာ ရုံးစိုက်ထားတဲ့ ဒီလူမျိုးတုံးသတ်ဖြတ်မှု သေမင်းအဖွဲ့အစည်းရဲ့ တစ်ခုတည်းသော စိတ်ဝင်စားမှုက အမြဲတမ်းစစ်ပွဲ ဆင်နွှဲဖို့ပဲ ဖြစ်ပြီး ဒါဟာ လူသားမျိုးနွယ်တစ်ခုလုံးအတွက် ခြိမ်းခြောက်မှုပါ” ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

     အခြေအနေများ တင်းမာနေသော်လည်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် လက်ဘနွန်သမ္မတ ဂျိုးဇက် အာအွန်တို့ ဖုန်းဖြင့် ဆွေးနွေးခဲ့ကြပြီး၊ လာမည့် ဇွန် ၂၃ ရက်မှ ၂၅ ရက်အထိ ဝါရှင်တန်တွင် အစ္စရေး-လက်ဘနွန် ဆွေးနွေးပွဲများကို ဆက်လက်ပြုလုပ်ရန် စီစဉ်ထားကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။

Telegram»…
https://t.me/positiveanglenews

#PAN