
(နိုင်ငံတကာ) ဇွန် ၁၉
ပါလက်စတိုင်းပြည်သူများအပေါ် အစ္စရေး၏ ဆက်ဆံပုံကို တောင်အာဖရိကနိုင်ငံ၏ ယခင် ‘အပါသိုက်’(Apartheid) လူ မျိုးရေးခွဲခြားမှုစနစ်နှင့် နှိုင်းယှဉ်ပြောဆိုခဲ့သည်ဟူသော သတင်းများထွက်ပေါ်လာပြီးနောက်၊ အစ္စရေးအစိုးရသည် ဥရောပသမဂ္ဂ (EU) ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကာဂျာ ကာလက်စ် (Kaja Kallas) နှင့် သံတမန်ရေးရာ ဆက်သွယ်ဆောင်ရွက်မှုအားလုံးကို ဆိုင်းငံ့ဖြတ်တောက်လိုက်ကြောင်း ကြေညာခဲ့သည်။
ဥရောပသတင်းဌာန Euractiv ၏ ဖော်ပြချက်အရ ကာလက်စ်သည် ပြီးခဲ့သည့်မေလက မက္ကဆီကိုတာဝန်ရှိသူများနှင့် ပြုလုပ်ခဲ့သည့် အဆင့်မြင့်ဆွေးနွေးပွဲများအတွင်း ဂါဇာနှင့် သိမ်းပိုက်ခံ ဝက်စ်ဘန့်ခ်ဒေသတို့ရှိ အစ္စရေး၏ မူဝါဒများကို ၁၉၉၀ ပြည့်လွန်နှစ်များအစောပိုင်းအထိ တောင်အာဖရိကကို အုပ်ချုပ်ခဲ့သည့် လူမျိုးရေးခွဲခြားမှု အုပ်ချုပ်ရေးစနစ်နှင့် နှိုင်းယှဉ်ခဲ့ကြောင်း အမည်မဖော်လိုသည့် သံတမန်များက ဖွင့်ချခဲ့ရာမှ ယခုသံတမန်ရေးရာအငြင်းပွားမှု စတင်ခဲ့ခြင်းဖြစ်သည်။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂျီဒီယွန် ဆား (Gideon Saar) က ၎င်း၏ X (Twitter) လူမှုကွန်ရက်စာမျက်နှာတွင် “ကာဂျာ ကာလက်စ်ဟာ အစ္စရေးနိုင်ငံအပေါ် အစွဲ အလမ်းကြီးကြီးမားမားနဲ့ ပြောင်ပြောင်တင်းတင်း မတရားသဖြင့် ပြုမူဆောင်ရွက်နေတာ အတော်ကြာပါပြီ” ဟု စွပ်စွဲရေးသားခဲ့သည်။
ထို့ပြင် ကာလက်စ်အနေဖြင့် ယခုသတင်းများအပေါ် ငြင်းဆိုခြင်း သို့မဟုတ် ရှင်းလင်းခြင်းမျိုး မလုပ်ဆောင်ခဲ့သည့်အတွက် အစ္စရေးအပေါ် “သွေးစွန်းသော သတင်းပုတ်ချမှု (Blood libel)” အဖြစ် သတ်မှတ်ပြီး ၎င်းမှတ်ချက်ကို ပြန်လည်ရုပ်သိမ်းခြင်း မပြုမချင်း ဆက်သွယ်မှုအားလုံး ဖြတ်တောက်မည်ဟု ဆို သည်။
အဆိုပါစွပ်စွဲချက်အပေါ် ကာဂျာ ကာလက်စ်က X မှတစ်ဆင့် လူသိရှင်ကြား ပြန်လည်တုံ့ပြန်ခဲ့ရာတွင် EU နှင့် အစ္စရေးအကြား ဆီလျော်သော စည်းနှောင်မှုများစွာရှိကြောင်းနှင့် သဘောထားကွဲလွဲမှုများ ရှိလာပါက ညှိနှိုင်းဆွေးနွေးခြင်းသည် သံတမန်ရေးရာ၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ၎င်း၏ ‘အပါသိုက်’ မှတ်ချက်နှင့်ပတ်သက်၍ တိုက် ရိုက်ငြင်းဆိုခြင်း မရှိခဲ့ပေ။
၎င်းအစား ပါလက်စတိုင်း-အစ္စရေး နှစ်နိုင်ငံတည်ရှိရေးအဖြေ (Two-state solution) ကို EU က ထောက်ခံကြောင်းနှင့် ဝက်စ်ဘန့်ခ်ရှိ အစ္စရေး၏ တရားမဝင်အခြေချနေထိုင်မှုများကို ကန့်ကွက်ကြောင်း ၎င်း၏မူလရပ်တည် ချက်ကိုသာ ထပ် လောင်းပြောဆိုခဲ့သည်။
ယင်းတုံ့ပြန်မှုထွက်ပေါ်ပြီး တစ်နာရီမပြည့်မီမှာပင် အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ကာလက်စ်သည် ၎င်းစွပ် စွဲချက်ကို ရှုတ် ချငြင်းဆိုခြင်းမရှိသဖြင့် မိမိတို့၏ ဆက်ဆံရေးဖြတ်တောက်မည့် ဆုံးဖြတ်ချက်ကို ပြောင်းလဲမည်မဟုတ်ကြောင်း တင်းတင်းမာမာ တုံ့ပြန်ခဲ့သည်။
ယခု သံတမန်ရေးရာ တင်းမာမှုသည် ဂါဇာနှင့် ဝက်စ်ဘန့်ခ်ဒေသတို့တွင် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများကြောင့် နိုင်ငံ တကာ၏ စိစစ်စောင့်ကြည့်မှု ပြင်းထန်နေချိန်တွင် ပေါ် ပေါက်လာခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)က အစီရင် ခံစာထုတ်ပြန်ရာတွင် အစ္စရေးအာဏာပိုင်များသည် ဝက်စ်ဘန့်ခ်ရှိ အစ္စရေးအခြေချသူများနှင့် ပါလက်စတိုင်းများကို မတူညီသော ဥပဒေနှစ်ရပ်ဖြင့် ဆက်ဆံနေပြီး သွားလာခွင့်၊ မြေယာနှင့် ရေအရင်းအမြစ် သုံးစွဲခွင့်များတွင် မညီမမျှခွဲခြားထားသဖြင့် “နိုင်ငံတကာ ဥပဒေနှင့် လူမျိုးရေးခွဲခြားမှုဆိုင်ရာ ပိတ်ပင်ချက်များကို ချိုးဖောက်နေသည်” ဟု ကောက်ချက်ချခဲ့သည်။
ယင်းတွေ့ရှိချက်များသည် ၂၀၂၄ ခုနှစ် ဇူလိုင်လက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အစ္စရေး၏ သိမ်း ပိုက်မှုသည် တရားမဝင်ကြောင်းနှင့် လူမျိုးရေးခွဲခြားမှုအပေါ် စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့သည့် အကြံပြုချက်သဘောထားများနှင့် ထပ်တူထွက်ပေါ်နေခြင်း ဖြစ်သည်။
Telegram»…
https://t.me/positiveanglenews
#PAN