အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန်နှင့် ဟော်မုဇ်ရေ လက်ကြား ပြန်ဖွင့်ရန် သဘောတူညီချက်အပေါ်  အမေရိကန်နှင့် အီရန်တို့ အသီးသီးတုံ့ပြန်

(နိုင်ငံတကာ) ဇွန် ၁၈

     ​​အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ပ်နှင့် အီရန်သမ္မတ မာဆုဒ် ပီဇက်ရှ်ကီယန် တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ကတည်းက စတင်ဖြစ်ပွားခဲ့သော အမေရိကန်-အီရန် စစ်ပွဲအတွင်း အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန်နှင့်    ကမ္ဘာ့အရေးပါဆုံး ရေကြောင်းလမ်းဖြစ်သည့် ဟော်မုဇ်ရေ လက်ကြားကို ပြန်လည်ဖွင့်လှစ်ရန်အတွက် နားလည်မှုစာ ချွန်လွှာ (MoU) တစ်ရပ်ကို အီလက်ထရွန်နစ်စနစ်ဖြင့် လက်မှတ်ရေးထိုးခဲ့ကြသည်။

     ယခုငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါကစ္စတန်နိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့ခြင်းဖြစ်ပြီး “အစ္စလာမာဘတ် MoU” ဟု အမည်ပေးထားသည့် အဆိုပါသဘောတူညီချက်သည် ဗုဒ္ဓဟူးနေ့မှစတင်၍ အသက်ဝင်သွားပြီဖြစ်ကြောင်း ပါကစ္စတန်အစိုးရက ထုတ်ပြန်ခဲ့သည်။

     အမေရိကန်တာဝန်ရှိသူများ၏ ပြောကြားချက်အရ ယခုသဘောတူညီချက်တွင် အီရန်အနေဖြင့် နျူကလီးယားလက်နက် မထုတ်လုပ်ရန် ကတိကဝတ်ကို ပြန်လည်အတည်ပြုခြင်း၊ စစ် မျက်နှာအားလုံးတွင် စစ်ပွဲကို အဆုံးသတ်ခြင်းနှင့် ဟော်မုဇ်ရေ လက်ကြားကို ပြန်လည်ဖွင့်လှစ်ခြင်းတို့ ပါဝင်သည်။

     ဖေဖော်ဝါရီလ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေးတို့ အီရန်ကို စတင်တိုက်ခိုက်ရာမှ ပေါ်ပေါက်လာခဲ့သော အဆို ပါစစ်ပွဲသည် ဧပြီလ ၈ ရက် ယာယီအပစ်ရပ်မှုကြောင့် ငြိမ်သက်နေခဲ့ရာမှ ယခု MoU အရ အပစ်ရပ်သက်တမ်းကို ရက်ပေါင်း ၆၀ ထပ်မံတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။ ၎င်းကာလအတွင်း အီရန်၏ နျူက လီးယားအစီအစဉ်၊ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများနှင့် ထိန်းချုပ်ခံထားရသည့် အီရန်ရန်ပုံငွေများ ပြန်လည်လွှတ်ပေးရေးတို့ကို ရှေ့ဆက်ဆွေးနွေးသွားမည်ဖြစ်သည်။

     သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် အီရန်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မာအေးလ် ဘာဂါအီ က အမေရိကန်၏ ကတိကဝတ်လိုက်နာမှုကို အီရန်အနေ ဖြင့် “ဘယ်လိုညှာတာမှုမျိုးမှမရှိဘဲ” စောင့်ကြည့်သွားမည်ဖြစ်ပြီး ဝါရှင်တန်ဘက်က ပျက်ကွက်ပါက မိမိတို့လည်း လိုက်နာမည်မဟုတ်ကြောင်း သတိပေးခဲ့သည်။

     ထို့ပြင် တီဟီရန်၏ ဒုံးကျည်အစီအစဉ်ကိုမူ ဆွေးနွေးပွဲစားပွဲဝိုင်းတွင် လုံးဝထည့်သွင်းဆွေးနွေးမည်မဟုတ်ကြောင်း၊ သန့်စင်မှုမြင့်မားသော ယူရေနီယံသိုလှောင်မှုများကို ပြည်ပသို့ တင်ပို့လိမ့်မည်မဟုတ်ကြောင်းနှင့် အိုမန်နိုင်ငံနှင့်ပူးပေါင်းကာ ဟော်မုဇ်ရေလက်ကြားတွင် ဝန်ဆောင်မှုခ ကောက်ခံမည့် စနစ်သစ်တစ်ခုကို ကျင့်သုံးသွားမည်ဟု အီရန်ဘက်က တင်းတင်းမာမာ တုံ့ပြန်ခဲ့သည်။

     ဗာဆိုင်းနန်းတော် (Versailles Palace) တွင် သမ္မတ ဒေါ်နယ်ထရမ်ပ်က ယခုယာယီသဘောတူညီချက်ကို ကိုယ်တိုင်ကိုယ် ကျ လက်မှတ်ရေးထိုးသည့် ရုပ်သံမှတ်တမ်းတွင် ၎င်းသည် စာရွက်ပေါ်၌ ကလောင်မဆွဲမီ ခေတ္တတုံ့ဆိုင်းသွားခဲ့သည်ကို တွေ့ရသည်။ လက်မှတ်မထိုးမီ ၎င်း၏လက်နှစ်ဖက်ကို ဆန့်ထုတ်ပြလျက် “ဒါဟာ တကယ်မလွယ်ကူခဲ့ပါဘူး” ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ယခု MoU သည် အခွန်ထမ်းပြည်သူများ၏ ငွေကြေးဒေါ်လာ ဘီလီယံပေါင်းများစွာကို ဖြုန်းတီးရာရောက်ပြီး အီရန်ကို ကန့်သတ်နိုင်စွမ်းမရှိဟုဆိုကာ ထရမ်ပ်၏ ကိုယ်ပိုင် ရီပတ်ဘလီကန်ပါတီအတွင်းမှ ပြင်း ထန်သော ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရသည်။

     အခြားတစ်ဖက်တွင်မူ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ရော်ဂျာ မာရှယ် ကဲ့သို့သော ခေါင်းဆောင်အချို့က ယခုသဘောတူညီချက်ကို “အနိုင်ရရှိမည့် သဘောတူညီချက် (Winning Deal)” ဟု ချီးကျူးခဲ့ကြပြီး သမ္မတဟောင်း အိုဘားမားလက်ထက်က ချုပ်ဆိုခဲ့သည့် အီရန်နျူကလီးယားစာချုပ်ထက် ပိုမိုကောင်းမွန်ကြောင်း ကာကွယ်ပြောဆိုခဲ့ကြသည်။

Telegram»…
https://t.me/positiveanglenews

#PAN

     ​​