(ပြည်တွင်း) ဇွန် ၁၈
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ ရှိနေတဲ့ ကျေးရွာသားတွေရဲ့ နေအိမ်တစ်အိမ်ကို တစ်လ ၃ သိန်းစီနဲ့ လယ်တစ်ဧကကို စပါးတင်း ၂၀ စီကို KIA အဖွဲ့က အတင်းအဓမ္မဆတ်ကြေးကောက်နေလို့ အဲဒီဒေသမှာရှိနေကြတဲ့ ရှမ်းနီတိုင်းရင်းသား ဒေသခံတောင်သူတွေ အကျပ်တွေ့နေရတယ်လို့ သိရပါတယ်။
အင်းတော်ကြီးဒေသ အရှေ့ကမ်း၊ အနောက်ကမ်းနဲ့ အင်းမြှီးဒေသက ကျေးရွာတွေကို အကြမ်းဖက်လက်နက်ကိုင်တွေဖြစ်ကြတဲ့ KIA၊ PDF နဲ့ SSIA ပူးပေါင်းအဖွဲ့တွေက အခုဇွန်လကနေစတင်ပြီး တစ်အိမ်ကို ၃ သိန်းစီ ဆတ်ကြေးကောက်ခံနေတာဖြစ်တယ်လို့ ကချင်ပြည်နယ်သတင်းတွေကို ရေးသားဖြန့်ဝေနေတဲ့ ရှမ်းနီအသံမီဒီယာရဲ့ ရေးသားချက်အရ သိရတာဖြစ်ပါတယ်။
မထည့်မနေရ ထည့်သွားကြရမှာဖြစ်ပြီး ဒေသခံတွေမှာ ထိုငွေတွေကို ဘာကြောင့် ကောက်တယ်ဆိုတာကို မသိကြရပေမယ့် KIA နဲ့ အကြမ်းဖက်အဖွဲ့တွေကို ကြောက်လို့ မမေးရဲကြကြောင်း၊ ဆတ်ကြေးကို ၎င်းတို့ ကောက်ချင်တဲ့အချိန် ကောက်သလို သူတို့ခေါ်တဲ့ အစည်းအဝေးတွေ တက်ရင်လည်း ဒေသခံကျေးရွာသားတွေဘက်က ၃၀၀၀၀ ကျပ်ပေးရတယ်လို့ အဆိုပါဒေသခံကျေးရွာသားတစ်ဦးက အဆိုပါမီဒီယာကို ပြောဆိုထားပါတယ်။
KIA အကြမ်းဖက်အဖွဲ့ဟာ ၎င်းတို့စတင်ထိန်းချုပ်ခဲ့တဲ့ နှစ်တွေကစပြီး အဆိုပါဒေသတွေမှာ ရှိနေကြတဲ့ ဒေသခံလယ်သမားတွေဆီက ရိက္ခာအတွက်လို့ဆိုပြီး လယ်တစ်ဧကကို စပါးတင်း ၂၀ စီပေးကြရမယ်လို့ သတ်မှတ်ကောက်ခံနေသလို မပေးဆောင်ပါတဲ့ လယ်သမားတွေကို လယ်ယာလုပ်ပိုင်ခွင့်ကိုလည်း ပိတ်ပင်တာတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရတာဖြစ်ပါတယ်။
ယခင်လတွေမှာ KIA နဲ့ PDF အကြမ်းဖက်အဖွဲ့ ၂ ဖွဲ့သာ ရှိနေပေမယ့် ပြီးခဲ့တဲ့ မေလကနေစပြီး တိုးလာတဲ့ သျှမ်းပြည်လွတ်မြောက်ရေးတပ်မတော်လို့ ခေါ်တဲ့ SSIA လက်နက်ကိုင်အကြမ်းဖက် အဖွဲ့တစ်ဖွဲ့ တိုးလာပြီးနောက် အကြမ်းဖက်အဖွဲ့ ၃ ဖွဲ့ပေါင်းကာ အဲဒီဒေသက ဒေသခံတွေ လယ်ယာထဲသွားရင် ပေါ်တာဆွဲတာတွေ၊ အပြင်မထွက်ဘဲ နေအိမ်ထဲနေရင်လည်း အကြောင်းမဲ့ ပိုက်ဆံကောက်တာတွေကို ပြုလုပ်နေကြတာပြီး SSIA အဖွဲ့ကတော့ မကြာသေးမီက နန့်မီးလောင်ကျေးရွာက နေအိမ်တွေကို တပ်သားသစ်အဖြစ် တစ်အိမ်တစ်ဦးနှုန်းနဲ့ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းတာတွေ ပြုလုပ်နေတယ်လို့လည်း ရေးသားထားတာ ဖြစ်ပါတယ်။

#PAN