အမျိုးသမီးကို တရုတ်နိုင်ငံတွင် တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားပြီး ရရှိသောငွေကြေး အကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရယူခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ် 

(မှုခင်း) ဇွန် ၁၈ အမျိုးသမီးကို တရုတ်နိုင်ငံတွင် တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားပြီး ရရှိသော ငွေကြေးအကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရယူခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။ 

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်း တောင်းမြို့နယ်နေ မ——–၊(၂၀) နှစ်သည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီတွင် ဟိန်းလင်းထက်၊ (၂၅) နှစ်၊ (ဘ) ဦးသက်နိုင်၊ ရွှေဝါထွန်းလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် အိသန္တာဖြိုး၊ (၂၅) နှစ်၊ (ဘ) ဦးအောင် သန်းဦးတို့က အမျိုးသမီးငယ်အား တရုတ်နိုင်ငံတွင် တရုတ်ယောကျ်ားယူပါက ငွေကျပ်သိန်း ၁၅၀ ရမည်၊ တစ်နှစ်နေပြီး ကလေးတစ်ဦးမွေးပြီးပါက ပြန်ခေါ်ပေးမည်ဟု ပြောဆိုပြီး အိသန္တာဖြိုးက ရန်ကုန်မြို့မှ မူဆယ်မြို့သို့ ပို့ဆောင်ကာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ မလုတောင်ထံ ပို့ပေးခဲ့ကြောင်း၊ အမျိုးသမီးငယ်အား မလုတောင်က တရုတ်အမျိုးသား အာဖိန်နှင့် ချိတ်ဆက်ပေးခဲ့ရာ အာဖိန်က သဘောကျသဖြင့် တည်းခိုခန်းတစ်ခုတွင် လင်မယားအဖြစ် ပေါင်းသင်းခဲ့ကြောင်း။ 

မလုတောင်က အမျိုးသမီးငယ်အား ငွေကျပ်သိန်း ၇၀ ပေးခဲ့ပြီး အိသန္တာဖြိုးအား ပွဲစားခအဖြစ် ငွေကျပ် ၁၀ သိန်းအပြင် ချေးငွေကျပ်သိန်း ၂၀ အား ချေးပေးခဲ့ကြောင်း၊ ကျန်ငွေ ကျပ်သိန်း ၄၀ အား ဟိန်းလင်းထက်ထံ လွှဲပေးခဲ့ကြောင်း၊ အာဖိန်နှင့်အတူနေထိုင်စဉ် ကုန်ကျစရိတ်အဖြစ် အာဖိန်က မလုတောင်အား ယွမ် ၁၅၀၀၀၀ ပေးခဲ့ရကြောင်း၊ အမျိုးသမီးငယ်သည် အာဖိန်နှင့်အတူ တရုတ်နိုင်ငံသို့ လိုက်ပါရန်အတွက် နိုင်ငံကူးလက်မှတ်၊ လက်ထပ်စာချုပ်နှင့် ဗီဇာများပြုလုပ်ရန်အတွက် ရွှေလီ-မူဆယ်-မန္တလေး-ရန်ကုန်သို့ အဆင့်ဆင့်သွားရောက်ခဲ့ပြီး မလုတောင်စီစဉ်ပေးသည့် SWEET ဟိုတယ်တွင် တည်းခိုစဉ် မလုတောင်က တရုတ်နိုင်ငံလေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်သို့ ရောက်ရှိခဲ့ကြောင်း၊ ထို့နောက် အမျိုးသမီးငယ်၊ အာဖိန်နှင့် မလုတောင်တို့သည် Clover Suites Royal Lake Hotel တွင် ပြောင်းရွှေ့တည်းခိုနေထိုင်စဉ် တာဝန်ရှိသူများ ရောက်ရှိစစ်ဆေးခဲ့ရာ အမျိုးသမီးငယ်အား အာဖိန်၊ မလုတောင်၊ အိသန္တာဖြိုး၊ ဟိန်းလင်းထက်တို့က တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားပြီး ရရှိသောငွေကြေးအကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်)မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ မရမ်းကုန်းမြို့မရဲစခန်း(ပ) ၆၆/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဇွန် ၁၆ ရက်တွင် မရမ်းကုန်းခရိုင် တရားရုံးမှ တရားခံ ဟိန်းလင်းထက်၊ အိသန္တာဖြိုးနှင့် မလုတောင်တို့ သုံးဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ 

#PAN