
(နိုင်ငံတကာ) ဇွန် ၁၇
လွန်ခဲ့သော လေးနှစ်က ဟောင်ကောင်ကျေးလက်ဒေသရှိ တိုက်ခန်းတစ်ခန်းအတွင်း ရည်းစားဖြစ်သူအား သတ် ဖြတ်ပြီး ရုပ်အလောင်းအား လမ်းပေါ်၌ ဘီးတပ်ပျဉ်ပြားဖြင့် တရားမဝင် ရွှေ့ပြောင်းစွန့်ပစ်ရန် ကြိုးပမ်းခဲ့မှုဖြင့် စွဲချက်တင်ခံထားရသည့် အလုပ်လက်မဲ့ အမျိုးသားတစ်ဦးက ၎င်းအနေဖြင့် ရည်းစားဖြစ်သူအား ညဘက်၌ အိပ်ရေး ပျက်စေခြင်းဖြင့် ဝိတ်ကျအောင် ကူညီပေးရန် ကြိုးပမ်းစဉ် မှားယွင်းရိုက်နှက်မိသဖြင့် မတော် တဆ သေဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုချက်ပေးခဲ့သည်။
အသက် ၂၉ နှစ်အရွယ် တရားခံဖြစ်သူ အင်န် ကာဆင်း (Ng Ka-sing) သည် ၂၀၂၂ ခုနှစ် ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်အကြားက ဟန်ရွှီးကေ (Hung Shui Kiu) ရှိ ၎င်းတို့၏ စတုရန်းပေ ၇၀၀ အကျယ်အဝန်းရှိ တိုက်ခန်းတွင် အသက် ၃၀ အရွယ် ချစ်သူဖြစ်သူ ယစ်ဆုချင်း (Yip Tsz-ching) အား သတ်ဖြတ်ခဲ့မှုဖြင့် ဟောင်ကောင်တရားလွှတ်တော်တွင် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။
တရားခံအင်န်က လူသတ်မှုထက် ပြစ်ဒဏ်ပိုမိုပေါ့ပါးသည့် ‘လူသတ်မိမှု’ (manslaughter) ဖြင့် ပြစ်မှုထင်ရှားကြောင်း ဝန်ခံရန် ကမ်းလှမ်းခဲ့သော်လည်း တရားလိုပြရှေ့နေများက ယင်းဆင်ခြေကို တရားဝင် ငြင်းပယ်ခဲ့သည်။
အဆိုပါ လူသတ်မှုသည် ၂၀၂၂ ခုနှစ် ဧပြီ ၂၉ ရက် နံနက် ၆ နာရီခန့်တွင် လမ်းပေါ်၌ လမ်းလျှောက်နေသူများက အင်န် ဆွဲလာသည့် ဘီးတပ်ပျဉ်ပြားပေါ်မှ လိပ်ထားသော စောင်ထဲမှ လူ သေခြေထောက်တစ်ဖက် ထွက်နေသည်ကို မြင်တွေ့ခဲ့ရရာမှ ရဲတပ်ဖွဲ့ထံ တိုင်ကြားသဖြင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
မှုခင်းသက်သေခံပစ္စည်း ကျွမ်းကျင်သူနှင့် မှုခင်းဆရာဝန်တို့၏ စစ်ဆေးချက်အရ သေဆုံးသူ ယစ်၏ ရုပ်အလောင်းအား လဲကျနေသော သစ်သားကုလား ထိုင်တစ်ခုတွင် အနက်ရောင် အမှိုက်အိတ်များဖြင့် ချည် နှောင်ထားပြီး စောင်ဖြင့် ဖုံးအုပ်ထားသည့်အပြင် သူမ၏ ဦးခေါင်းကိုလည်း ပလတ်စတစ်ဖလင် (cling film) နှင့် ကော်တိပ်များဖြင့် အထပ်ထပ် ပတ်ထားခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
လုပ်သက်ရင့် အစိုးရရှေ့နေ အော်ဒရီ ပါဝါနီ (Audrey Parwani)က အင်္ဂါနေ့က ပြုလုပ်သည့် တရားရုံးအဖွင့်ထွက်ဆိုချက်တွင် တရားခံသည် သေဆုံးသူ၏ ခန္ဓာကိုယ် ၅၅ ရာခိုင်နှုန်းတွင် ဓာတုပစ္စည်းကြောင့် လောင်ကျွမ်းဒဏ် ရာများ အပါအဝင် ရရှိထားသည့် ပြင်းထန်ဒဏ်ရာများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အား ယုတ္တိမရှိသော ဆင်ခြေများ ပေးခဲ့သဖြင့် တရားလိုဘက်က လက်မခံကြောင်း တရားသူကြီးအဖွဲ့အား ပြောကြားခဲ့သည်။
တရားခံ အင်န်က ၎င်း၏ရည်းစားကို အဆီကျစေရန် ကူညီပေးမည့် မျှော်လင့်ချက်ဖြင့် ဧပြီ ၂၇ ရက်ညကတည်း က မအိပ်ဘဲ နေခိုင်းရန် ကြိုးပမ်းခဲ့ပြီး ၎င်း၏ရည်းစားကို တုတ်ဖြင့် ရိုက်နှက်မိရာမှ မတော်တဆ သေဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်း၊ သူမကပင် ခန္ဓာကိုယ်ပေါ်သို့ ရေဆိုးမြောင်းသန့်စင်ဆေးရည် လောင်းချခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ ထို့ပြင် ဧပြီ ၂၈ ရက် နံနက် ၅ နာရီခန့်တွင် ယစ်က ၎င်းအနေဖြင့် နာကျင်နေပြီး အသက်ရှင်နိုင်တော့မည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီးနောက် သတိလစ် မေ့မြောသွားခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
သို့သော်လည်း အစိုးရ မှုခင်းဆရာဝန် ဒေါက်တာ ဖူးကာချွန်း (Dr Foo Ka-chung) က သေဆုံးသူ၏ ဦးခေါင်းနှင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများတွင် အခြားသူများ၏ လက်သီးဖြင့်ထိုးခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်းကဲ့သို့သော ပြင်းထန်သော အားသက်ရောက်မှုများကြောင့် ဖြစ်ပွားသည့် ဒဏ်ရာများကို တွေ့ရှိခဲ့ပြီး သေဆုံးရသည့်အကြောင်း ရင်းမှာ ဦးခေါင်းဒဏ်ရာများနှင့် ရင်ဘတ်၊ ဝမ်းဗိုက်တို့တွင် ပြင်းထန်စွာ လောင်ကျွမ်းဒဏ်ရာများ ရရှိပြီးနောက် အသက်ရှူကျပ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။
လက်ရှိတွင် ၎င်းအမှုအား တရားသူကြီး ဂျူဒီအန်နာ ဘန်းစ်နှင့် တရားသူကြီးများရှေ့တွင် ဆက်လက်စစ်ဆေးနေပြီး တရား စီရင်မှုသည် ၁၈ ရက်ခန့် ကြာမြင့်မည်ဟု မျှော်လင့်ရသည်။
Telegram»…
https://t.me/positiveanglenews
#PAN