ဝိုင်းမော် နှင့် မိုးညှင်းတွင် မူးယစ်ဆေး၀ါးများ ဖမ်းဆီးရမိ

(မှုခင်း) ဇွန် ၁၇

ကချင်ပြည်နယ် ၀ိုင်းမော် နှင့် မိုးညှင်းမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ် အချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ကျော်ဝင်းသိန်း မောင်းနှင်လာသည့် TOYOTA HILUX REVO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူ အလေးချိန် ၄.၅၉ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၁,၀၀၉.၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ၆နာရီခွဲ အချိန်တွင် အဆိုပါ ဘိန်းဖြူများ သယ်ဆောင်ခိုင်းသူ စိုင်းခင်(ခ)ဝင်းအောင်ခင် အား ၎င်းငှားရမ်းနေထိုင်သည့် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ နေအိမ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိသဖြင့် ကျော်ဝင်းသိန်း(၂၂)နှစ် နှင့် စိုင်းခင်(ခ)ဝင်းအောင်ခင်(၃၉)နှစ်တို့အား ဝိုင်းမော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ထို့နည်းတူ ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲ၁၂နာရီခွဲ အချိန်တွင် မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ကျားရော် မောင်းနှင်လာသည့် MITSUBISHI PAJERO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဆီခဲ အလေးချိန် ၁၆ ကီလို(ဒေသကာလတန်ဖိုး​ငွေကျပ် ၂၂၄ သိန်း)၊ မြန်မာငွေကျပ် ၁၀ သိန်းနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့်ကျားရော်(၄၆)နှစ်အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#PAN