တာချီလိတ်တွင် အိုက်စ် ၄၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

(မှုခင်း) ဇွန် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဒေသကာလတန်ဖိုး ငွေကျပ် ၃,၈၂၅.၆ သိန်းကျော်ရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၃၅ မိနစ်အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ လော်ဖျော့ ငှားရမ်းနေထိုင်သည့် နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၆၀,၀၀၀)၊ ခြံဝင်းအတွင်းရပ်တန့်ထားသည့် TOYOTA LEXUS အမျိုးအစား မော်တော်ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၄၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၃,၈၂၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ လော်ဖျော့(၂၁)နှစ်အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#PAN