အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ထွက်ပေါ်လာသော် လည်း လက်ဘနွန်သိမ်းပိုက်မြေများမှ ဆုတ်ခွာမည်မဟုတ်ဟု နေတန်ယာဟု တုံ့ပြန်

(နိုင်ငံတကာ) ဇွန် ၁၆

     အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား စစ်ရေးပဋိပက္ခများကို အဆုံးသတ်မည့် သမိုင်းဝင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ထွက်ပေါ်လာပြီး နား လည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသော်လည်း၊ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက လက်ဘနွန်နှင့် ဆီးရီးယားနိုင်ငံအတွင်း သိမ်းပိုက်ထားသော နယ်မြေများမှ အစ္စရေးစစ်တပ်ကို ဆုတ်ခွာပေးမည်မဟုတ်ကြောင်း ပြတ်သားစွာ ငြင်းဆန်ပယ်ချလိုက်သည်။

     ဝန်ကြီးချုပ် နေတန်ယာဟုက ယနေ့ တနင်္လာနေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ လက်ရှိတွင် စတုရန်းကီလိုမီတာ ၅၇၀ (စတုရန်းမိုင် ၂၂၀) ခန့် ကျယ်ဝန်းသော လက်ဘနွန်တောင်ပိုင်း နယ်မြေများကို အစ္စရေးတပ်ဖွဲ့များက ဆက်လက်ထိန်းချုပ်ထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

     “ကျွန်တော်တို့အနေနဲ့ လိုအပ်သရွေ့ ကာလပတ်လုံး လေဘာနွန် လုံခြုံရေးကြားခံဇုန် (security buffer zone) အတွင်းမှာ ဆက်ရှိနေမှာပါ” ဟု ၎င်းက သတင်းထောက်များကို ဆိုသည်။

     ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်၏ ထုတ်ပြန်ချက်အရ လာမည့်သောကြာနေ့တွင် တရားဝင်လက်မှတ်ရေးထိုးမည့် အမေရိကန်-အီရန် သဘောတူညီချက်တွင် “လက်ဘနွန်အပါ အဝင် စစ်မျက်နှာအားလုံး၌ စစ်ရေးဆင်နွှဲမှုများကို ချက်ချင်းနှင့် အပြီးတိုင် ရပ်စဲရေး” ပါဝင်နေသဖြင့် နေတန်ယာဟု၏ ယခုတုံ့ပြန်မှုသည် မရေရာသေးသော အပစ်အခတ်ရပ်စဲရေးအပေါ် ကြီးမားသော ဖိအား ဖြစ်စေခဲ့သည်။

     အစ္စရေးစစ်တပ်သည် ၂၀၂၄ အောက်တိုဘာမှစတင်ကာ လက်ဘနွန်အတွင်းသို့ အလုံးအရင်း ကျူးကျော်ဝင်ရောက်ခဲ့ပြီး လက်ရှိတွင် ကုလသမဂ္ဂက သတ်မှတ်ထားသော တရားဝင်အဆုံးသတ်မျဉ်းဖြစ်သည့် လီတာနီ (Litani) မြစ်ကို ကျော်လွန်၍ နယ်မြေများကို သိမ်းပိုက်ထားသည်။

     ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း အစ္စရေးသည် ဘေရွတ်မြို့ ဆင်ခြေဖုံးရပ်ကွက်များကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူသုံးဦး သေဆုံးခဲ့ပြီး၊ ယင်းလုပ်ရပ်သည် အီရန်၏ “အနီရောင်မျဥ်း” (Red line) ကို ကျော်လွန်သွားခြင်းဖြစ်၍ အပစ်အခတ်ရပ်စဲရေးကို ပျက်ပြားစေမည်ကို စိုးရိမ်သော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ပ်အား အပြင်းအထန် စိတ်ဆိုးဒေါသထွက်စေခဲ့ကြောင်း သိရသည်။

     ယခုအခါ နေတန်ယာဟုသည် ထရမ်ပ်နှင့် ကွယ်ရာ၌ သဘော ထားတင်းမာစွာ ထိပ်တိုက်တွေ့နေရရုံတင်မကဘဲ၊ စစ်ပွဲပြီးဆုံးပါက ဂါဇာ (စတုရန်းကီလိုမီတာ ၁,၀၀၀ ခန့်)၊ လက်ဘနွန်နှင့် ဆီးရီးယားတို့မှ စစ်တပ်ဆုတ်ခွာပေးရမည်ကို စိုးရိမ်နေကြသည့် အစ္စရေးပြည်တွင်းရှိ လက်ယာစွန်းအစွန်းရောက်များနှင့် အတိုက်အခံများ၏ ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

     သို့သော် နေတန်ယာဟုက ၎င်းအနေဖြင့် ထရမ်ပ်နှင့် အမြဲ တမ်း “သဘောထားချင်း တိုက်ဆိုင်နေသည်” မဟုတ်ကြောင်းနှင့် “အီရန်ဟာ နျူကလီးယားလက်နက်ကို ဘယ် တော့မှ ပိုင်ဆိုင်ခွင့်ရမှာ မဟုတ်ဘူး။ ကျွန်တော်တို့ဟာ အကြမ်းဖက်အစိုးရရဲ့ ခေါင်း ဆောင်တွေကို ခေါင်းဖြတ်ချေမှုန်းခဲ့ပြီးပြီ” ဟု ဂျေရုဆလင်ပို့စ် သတင်းစာတွင် အခိုင် အမာဆိုထားသည်။

    အလားတူပင် အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကာ့ဇ် (Israel Katz) ကလည်း “လက်ရှိနဲ့ အနာဂတ်မှာ ဘယ်လိုဖိအားတွေပဲ လာပါစေ လက်ဘနွန်၊ ဆီးရီးယားနဲ့ ဂါဇာတို့က လုံခြုံရေးဇုန်တွေမှာ အစ္စရေးစစ်တပ်ကို အချိန်ကန့်သတ်ချက်မရှိဘဲ ဆက် လက်ထားရှိသွားမှာဖြစ်ပြီး စစ်တပ်ဆုတ်ခွာပေးမှာကို ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်” ဟု တနင်္လာနေ့အစောပိုင်းတွင် ထပ်လောင်းအတည် ပြု ပြောကြားခဲ့သည်။

Telegram»…
https://t.me/positiveanglenews

#PAN