
(နိုင်ငံတကာ) ဇွန် ၁၆
အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်ရှိ ကမ္ဘာ့အကြီးဆုံး လေယာဉ်ကွင်းတည်ရှိရာ အက်ဒဝပ်စ် (Edwards) လေတပ်အခြေစိုက်စခန်းမှ ပျံတက်ပြီးနောက် မကြာမီမှာပင် အမေရိကန်လေတပ်၏ B-52 စထရက်တိုဖော့ထရက်စ် (B-52 Stratofortress) မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တစ်စင်း ပျက်ကျသွားခဲ့ကြောင်း အဆိုပါ လေတပ်စခန်းက ထုတ်ပြန်ကြေ ညာလိုက်သည်။
အက်ဒဝပ်စ် လေတပ်စခန်းက တနင်္လာနေ့တွင် X ပလက် ဖောင်းပေါ်၌ ရေးသားချက်အရ “အရေးပေါ်ကယ် ဆယ်ရေးအဖွဲ့တွေဟာ အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းသွားရောက် ဆောင်ရွက်ခဲ့ကြပြီး လက်ရှိအခြေအနေကတော့ ဆက်လက်လုပ်ဆောင်ဆဲ ဖြစ်ပါတယ်” ဟု သိရသည်။
အဆိုပါ ပျက်ကျမှုကြောင့် လေယာဉ်အမှုထမ်းများ ထိ ခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် အသေအပျောက် ရှိ၊ မရှိနှင့် လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကိုမူ ချက်ချင်း ရှင်းရှင်းလင်း လင်း မသိရသေးပေ။ မြေပြင်မှ ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များတွင် ကန္တာရအတွင်းရှိ လေယာဉ်ပျက်ကျရာနေရာမှ မီးခိုးနက်ရောင် တိမ်တိုက်ကြီးများ အလိပ်လိုက် ထွက်ပေါ်နေသည်ကို ဆိုးရွားစွာ တွေ့မြင်နေရသည်။
ယခု ပျက်ကျသွားသည့် ဘိုးအင်း (Boeing) ကုမ္ပဏီထုတ် B-52 စထရက်တိုဖော့ထရက်စ် ဗုံးကြဲလေယာဉ်တစ်စင်းချင်းစီ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၀ သန်းခန့် ရှိသည်။ ပုံမှန်အား ဖြင့် လေယာဉ်အမှုထမ်း ငါးဦးဖြင့် မောင်းနှင်ပြီး ပေါင် ၇၀,၀၀၀ (၃၁,၇၅၀ ကီလိုဂရမ်) အထိ အလေး ချိန်ရှိသော ရိုးရိုးလက်နက်နှင့် နျူကလီးယားလက်နက် နှစ်မျိုးစလုံးကို သယ်ဆောင်ရန် ဒီဇိုင်းထုတ်ထားသည့် အဝေးပစ်ဗုံးကြဲလေယာဉ်ကြီး ဖြစ်သည်။
အဆိုပါ လေယာဉ်အမျိုးအစားကို ၁၉၅၅ ခုနှစ်ကတည်းက အမေရိကန်လေတပ်တွင် စတင်တာဝန်ထမ်းဆောင်စေခဲ့ပြီး ဗီယက်နမ်စစ်ပွဲ၊ ပင်လယ်ကွေ့စစ်ပွဲ၊ အီရတ်၊ အာဖဂန်နစ္စတန်နှင့် လက်ရှိဖြစ်ပွားနေသော အီရန်နှင့်စစ်ပွဲ အပါအဝင် အမေရိကန် ၏ ကမ္ဘာလုံးဆိုင်ရာ စစ်ဆင်ရေးကြီးများတွင် အဓိကအားထားအသုံးပြုခဲ့သည်။
ယခုလေယာဉ်ပျက်ကျမှု ဖြစ်ပွားရာ အက်ဒဝပ်စ်လေတပ်စခန်းသည် လော့စ်အိန်ဂျလိစ်မြို့၏ မြောက်ဘက် မိုင် ၁၀၀ (၁၆၁ ကီလိုမီတာ) အကွာ ကန္တာရထဲတွင် တည်ရှိပြီး၊ ၁၉၄၇ ခုနှစ်က ချက်ခ် ယေဂါ (Chuck Yeager) က အသံ ထက်မြန်သော အရှိန်နှုန်းကို ပထမဆုံး စံချိန်တင်ကျော်ဖြတ်ခဲ့သည့် သမိုင်းဝင်နေရာတစ်ခုလည်း ဖြစ်သည်။ လက် ရှိတွင် စစ်ဘက်ဆိုင်ရာဝန်ထမ်းများ၊ အရပ်ဘက်ဝန်ထမ်းများနှင့် ကန်ထရိုက်တာ စုစုပေါင်း ၁၀,၀၀၀ ခန့် အလုပ်လုပ်ကိုင်နေကြသည်။
ယခုဖြစ်စဉ်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက မြောက်ဒါကိုတာပြည်နယ်အထက်တွင် ဒေသတွင်းခရီးသည်တင်လေ ယာဉ်တစ်စင်းက ၎င်း၏ လမ်းကြောင်းထဲ ရောက်နေသည့် စစ်ဘက်ဆိုင်ရာ B-52 ဗုံးကြဲလေယာဉ်တစ်စင်းနှင့် ဝေဟင်၌ တိုက်မိမည့်အန္တရာယ်မှ ရှောင်ရှားရန် မမျှော် လင့်ဘဲ လမ်းကြောင်းကို အပြင်းအထန် ကွေ့လိုက်ရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် တစ်နှစ်နီးပါးအကြာတွင် ဒုတိယအကြိမ်မြောက် ကြုံတွေ့ရသည့် B-52 လေယာဉ်ဆိုင်ရာ ဆိုးရွားသော မတော်တဆမှုတစ်ခု ဖြစ်ကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN