နှစ်လအတွင်း ၇၀၀ ကျပ်သာကျဆင်းမြစ်ကြီးနားတွင် စက်သုံးဆီဈေးနှုန်း မြင့်တက်နေဆဲဟု ပြည်သူများပြော

(စီးပွားရေး) ဇွန် ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်ကြီးများတွင် ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးအပတ်မှ ဇွန်လ ဒုတိယပတ်အထိ နှစ်လတာကာလအတွင်း စက်သုံးဆီဈေးနှုန်းမှာ ၇၀၀ ကျပ်သာ ပြန်လည်ကျဆင်းခဲ့ကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။

မြစ်ကြီးနားမြို့ရှိ စက်သုံးဆီဆိုင်များတွင် 92 တစ်လီတာလျှင် ၁၃၀၀၀ ကျပ်ဖြင့် ရောင်းချနေရာမှ နှစ်လအတွင်း ၇၀၀ ကျပ်သာ ကျဆင်းခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောကြားသည်။

“ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ စက်သုံးဆီဈေးတက်ပြီး တန်းစီစနစ်နဲ့ ဝယ်နေရတဲ့အချိန်ကတည်းက ကျွန်တော်တို့ မြစ်ကြီးနားမှာ 92 တစ်လီတာကို ၁၃၀၀၀ ကျပ်နဲ့ လိုသလောက် ဝယ်လို့ရတယ်။ ဈေးက သိသိသာသာ မကျဘူး။ နည်းနည်းချင်းပဲ ကျပြီး အခုထိ ဈေးကြီးနေတုန်းပဲ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မြစ်ကြီးနားမြို့ပေါ်ရှိ စက်သုံးဆီဆိုင်ကြီးများတွင် စက်သုံးဆီပြတ်လပ်မှု မရှိသော်လည်း ဈေးနှုန်းများမှာ မြင့်တက်နေဆဲဖြစ်ပြီး 92 တစ်လီတာလျှင် ၁၂၃၀၀ ကျပ်၊ 95 တစ်လီတာလျှင် ၁၃၀၀၀ ကျပ် ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကာ ဆိုင်တစ်ဆိုင်နှင့် တစ်ဆိုင် ဈေးနှုန်းကွာခြားမှုများလည်း ရှိနေကြောင်း သိရသည်။

ထို့အပြင် မြစ်ကြီးနားမြို့သို့ စက်သုံးဆီ ဘောက်ဆာကားများ ဝင်ရောက်လာနေသော်လည်း သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် သုံးဆအထိ မြင့်တက်နေခြင်းအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထိန်းညှိကြီးကြပ်ပေးရန် မြို့ခံပြည်သူများက မျှော်လင့်နေကြကြောင်း သိရသည်။