
(ပြည်တွင်း) ဇွန် ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း သမဝါယမစနစ်ဖြင့် စနစ်ကျသော စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါက်ခေါင်းမြို့ မြို့နယ်ခန်းမတည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုခဲ့ပြီး ခန်းမအတွင်း မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများကို တွေ့ဆုံကာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပေါက်ခေါင်းမြို့နယ်၊ ဝက်တိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဝက်တိုး၊ ဥသျှစ်ကုန်း၊ မြောက်မကွေ့၊ ငါးခူအိုင်၊ ဘန့်ပြင်၊ လေးကြီးနှင့် ထန်းတပင် စသည့်ကျေးရွာများမှ မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက သမဝါယမစနစ်ဖြင့် စုပေါင်းစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဆွေးနွေးထားမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမစနစ်ဖြင့် စုပေါင်းလုပ်ကိုင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်နိုင်ရေး အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဦးချင်းလုပ်ကိုင်ပါက မျိုးနှင့်သွင်းအားစုကုန်ကျစရိတ်များ ပိုမိုမြင့်တက်နိုင်သဖြင့် တစ်ကွင်းတစ်ဆက်တည်း စုပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စုပေါင်းလုပ်ဆောင်ခြင်းဖြင့် မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများကို အချိန်မီရရှိနိုင်မည်ဖြစ်ပြီး လိုအပ်ချက်များကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်း၍ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဝက်တိုးကျေးရွာနှင့် ဥသျှစ်ကုန်းကျေးရွာတို့မှ စုပေါင်းစိုက်ပျိုးရေးတောင်သူများအား မျိုးနှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဝက်တိုးကျေးရွာအပါအဝင် ကျေးရွာလေးရွာအတွက် ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း (Smart Village) နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေများကို ကျေးရွာကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြည်သူများ ကိုယ်တိုင်ပါဝင်၍ စီမံဆောင်ရွက်ရန်နှင့် ကျေးရွာကော်မတီများမှလည်း စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ထပ်မံမှာကြားခဲ့သည်။
ဆက်လက်၍ ပေါက်ခေါင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပေါက်ခေါင်း–ကြိုးကြာ ကျေးရွာချင်းဆက်လမ်း တာဘောင်ချဲ့ခြင်းနှင့် မြေနီခင်းခြင်းလုပ်ငန်းများကို သွားရောက်ကြည့်ရှုခဲ့ပြီး အိမ်ခြေ ၅၈၉ အိမ်နှင့် လူဦးရေ ၂၀၀၀ ကျော်၊ စိုက်ပျိုးမြေဧက ၁၆၀ ကျော်ကို အကျိုးပြုမည့် လမ်းဖြစ်သဖြင့် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ကြိုးကြာကျေးရွာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်ပေးခဲ့သော တိုင်းရင်းသားရိုးရာဂျပ်ခုတ် (ရက်ကန်းဒီဇိုင်း) သင်တန်းဆင်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်ချက်များကို ဖြည့်စွက်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးတွင် ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ရာ သက်ဆိုင်ရာဌာနများအနေဖြင့် အချင်းချင်းပူးပေါင်းချိတ်ဆက်၍ လုပ်ငန်းများကို ဟန်ချက်ညီညီ ဆောင်ရွက်ရန်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြည်သူပါဝင်သော စီမံကိန်းများဖြစ်စေရန် စည်းရုံးဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
အဆိုပါ လုပ်ငန်းစဉ်များအတွင်း ဝန်ထမ်းများ၏ တင်ပြချက်များကိုလည်း ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။