(မှုခင်း) ဇွန် ၁၅
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ Shwe Kokko နယ်မြေအတွင်းတွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာ၌ အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံများကို စနစ်တကျ ဖြိုချဖျက်ဆီးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

ယနေ့တွင် ဖောက်ခွဲဖြိုချဖျက်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ ၂၀ လုံးအနက် ၇ ထပ်လူနေအဆောက်အအုံ ၁ လုံးကို စနစ်တကျ ဖောက်ခွဲ၍ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ အဆိုပါနယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၇၇ လုံးကို အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ထားပြီး ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖောက်ခွဲ၍ ဖျက်ဆီးမည့် အဆောက်အအုံ ၂၀ လုံးဟူ၍ စနစ်တကျ ခွဲခြားဆောင်ရွက်နေခြင်းဖြစ်သည်။
ယနေ့အထိ အဆိုပါ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၅၉ လုံးကို စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကာ ဖျက်ဆီးရန် ကျန်ရှိနေသည့် အဆောက်အအုံ ၁၈ လုံးကိုလည်း ဆက်လက်၍ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူထားပြီး မြန်မာနိုင်ငံအတွင်း အခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများသာမက အိမ်နီးချင်းနိုင်ငံများနှင့်ပါ ပူးပေါင်းညှိနှိုင်း၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။