(ပြည်တွင်း) ဇွန် ၁၅
မကွေးတိုင်းဒေသကြီးအတွင်း ပခုက္ကူမြို့နှင့် ကံမမြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းမကြီးတစ်လျှောက်၌ လုံခြုံရေးဆိုင်ရာ သတင်းပေးပို့ချက်များအရ ဇွန်လ ၁၃ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းအရ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ကတ္တရာလမ်းအား ကျင်းတူး၍ ဆီပေပါခွံများဖြင့် ကားမိုင်းအဖြစ် ပြုလုပ်ကာ မိုင်းထောင်ပိတ်ဆို့ထားပြီး ခရီးသွားပြည်သူများအား တောလမ်းများကို ရှောင်ကွင်းလမ်းအဖြစ် အသုံးပြုစေကာ ဂိတ်ဖွင့်၍ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါလမ်းမကြီးတစ်လျှောက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ကံမမြို့နယ်၊ ညောင်ဂျစ်ပင်ရွာအနီး လမ်းဘေးဝဲ/ယာများတွင် ဆီပေပါဖြင့် ပြုလုပ်ထားသည့် ကားမိုင်းကြီး ၁၅ လုံး၊ လက်လုပ်နင်းမိုင်း ၈ လုံးနှင့် လက်လုပ်မြေမြှုပ်မိုင်း ၁၀ လုံးတို့ကို တွေ့ရှိဖော်ထုတ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဇွန်လ ၁၄ ရက်နေ့တွင်လည်း အဆိုပါဒေသအတွင်း၌ ကားမိုင်းကြီး ၈ လုံး၊ ကွန်ကရစ်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၃ လုံးနှင့် PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၂ လုံးတို့ကို ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း လက်လုပ်မိုင်းမျိုးစုံ ၄၆ လုံးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
တွေ့ရှိရသည့် မိုင်းများအား ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်မဖြစ်စေရေးအတွက် သက်မဲ့ပြုလုပ်ကာ စနစ်တကျ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်းလည်း သိရသည်။
အများပြည်သူသွားလာအသုံးပြုနေသည့် လမ်းမကြီးများနှင့် ရထားလမ်းများအပါအဝင် အခြေခံသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။