အသက် ၁၆ နှစ်အောက် ကလေးများ လူမှုကွန်ရက်သုံးစွဲမှု လုံးဝပိတ်ပင်ရန် ဗြိတိန်ဝန်ကြီးချုပ် ကြေညာ

(နိုင်ငံတကာ) ဇွန် ၁၅

     ဗြိတိန်နိုင်ငံသည် ကလေးသူငယ်များ၏ အွန်လိုင်းလုံခြုံ ရေးကို ကာကွယ်ရန်နှင့် နည်းပညာကုမ္ပဏီကြီးများ၏ လွှမ်း မိုးမှုကို တွန်းလှန်ရန်အတွက် အသက် ၁၆ နှစ်အောက် ကလေးငယ်များ လူမှုကွန်ရက်ဝဘ်ဆိုက်များ အသုံးပြုခြင်းကို လုံးဝပိတ်ပင်သွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer)က ယနေ့ တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင် တရားဝင်ကြေညာလိုက်သည်။

     ယခုဆုံးဖြတ်ချက်ကြောင့် ဗြိတိန်သည် ကမ္ဘာတစ်ဝန်း ကလေးသူငယ်များအပေါ် အွန်လိုင်းကန့်သတ်ချက်များ ပြင်း ပြင်းထန်ထန် ချမှတ်လာသည့် နိုင်ငံများစာရင်းတွင် ပူးပေါင်းပါဝင်လာခဲ့ပြီ ဖြစ်သည်။

     ဝန်ကြီးချုပ် စတာမာက ကလေးသူငယ်များအား လုံးဝပိတ်ပင်လိုက်ခြင်းသည် မှန်ကန်သောရွေးချယ်မှု ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့ပြီး “ဒီဥပဒေဟာ အချိန်ကြာလာတာနဲ့အမျှ မိဘတွေကြားထဲက ပြောဆိုဆွေးနွေးမှုတွေနဲ့ ကလေးတွေရဲ့ မျှော်လင့်ချက်တွေကို ပြောင်းလဲပစ်မှာပါ။ ကျွန်တော်တို့ရဲ့ ကလေးတွေကို ပိုပြီးဘေးကင်းစေမယ်၊ ပိုပြီးပျော်ရွှင်စေမယ်။ သူတို့ကို အချိန်ပိုပေးနိုင်မယ်၊ ပိုပြီးလုံခြုံစေမယ်၊ လွတ်လပ်စွာ ကြီးပြင်းလာဖို့နဲ့ အခွင့်အရေးတွေ ပိုမိုရရှိစေမှာ ဖြစ်ပါတယ်” ဟု အခိုင် အမာဆိုသည်။



     ယခုပိတ်ပင်မှုတွင် ကမ္ဘာကျော် လူမှုကွန်ရက်များဖြစ်ကြသည့် တစ်တုတ် (TikTok)၊ စနက်ပ်ချက် (Snapchat) နှင့် အင်စတာဂရမ်(Instagram)တို့ ပါဝင်ရုံတင်မကဘဲ၊ ကလေးငယ်များအား လူစိမ်းများနှင့် စကားပြောခွင့်ပြုထားသည့် ဂိမ်းကစားခြင်း ဝန် ဆောင်မှုများနှင့် တိုက်ရိုက်ထုတ်လွှင့်ခြင်း (Livestreaming) ဝန်ဆောင်မှုများကိုပါ ဗြိတိန်အစိုးရက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

      လက်ရှိ လူမှုကွန်ရက်ပလက်ဖောင်းများသည် ကလေးငယ်များအား အန္တရာယ်ရှိသော အကြောင်းအရာများနှင့် ထိတွေ့စေနေပြီး၊ ၎င်းတို့ကို စွဲလမ်းစေရန်အတွက်သာ ရည် ရွယ်ချက်ရှိရှိ ဒီဇိုင်းထုတ်ထားခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က သတိပေးထား သည်။ ဗြိတိန်အစိုးရသည် ယခုနှစ် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းတွင် အဆိုပါ စည်းမျဉ်း ဥပဒေကို အပြီးသတ်အတည်ပြုရန် မျှော်လင့်ထားပြီး၊ လာမည့် ၂၀၂၇ ခုနှစ် နွေ ဦးရာသီတွင် စတင်အာဏာတည် စွမ်းဆောင်သွားမည်ဖြစ်သည်။

     ထို့ပြင် အသက် ၁၈ နှစ်အောက် လူငယ်များအတွက် ညဘက်အွန်လိုင်းအသုံးပြုမှု ကန့်သတ်ချက် (Overnight curfews) များ ထားရှိရန်နှင့် စွဲလမ်းစေသော အဆုံးမရှိအောက်သို့ ဆွဲရွှေ့ကြည့်ရှုခြင်း (Infinite scrolling) ကို ရပ်တန့်စေမည့် နည်းပညာဆိုင်ရာ အနားယူချိန်များ ထည့် သွင်းရန်ပါ စဉ်းစားနေပြီး အသေးစိတ်ကို လာမည့် ဇူလိုင်လတွင် ထုတ်ပြန်မည်ဟု ဆို သည်။

     ဗြိတိန်၏ ယခုဗျူဟာသည် ပြီးခဲ့သည့် ဒီဇင်ဘာလက အသက် ၁၆ နှစ်အောက် လူမှုကွန်ရက်အသုံးပြုမှုကို ကမ္ဘာ့ပထမဆုံး ပိတ်ပင်ခဲ့သည့် ဩစတြေးလျနိုင်ငံ၏ အတွေ့ အကြုံကို အတုယူထားခြင်းဖြစ်ပြီး၊ ကနေဒါနိုင်ငံကလည်း အလားတူတားမြစ်ချက်နှင့် AI ချက်ဘော့များကို ထိန်းချုပ်မည့် ဥပဒေကြမ်းတစ်ရပ် တင်သွင်းထားသည်။

    သို့သော်လည်း ယူကျု (YouTube) ၏ ပြောရေးဆိုခွင့်ရှိ သူကမူ ယခုကဲ့သို့ စည်းလွတ်ဝါးလွတ် လုံးဝပိတ်ပင်လိုက်ခြင်းမျိုးသည် ကလေးငယ်များအား ဘေးကင်းမှုနည်းပါးသည့် တရားမဝင် လျှို့ဝှက်ဝန်ဆောင်မှုများဘက်သို့ တွန်းပို့ရာ ရောက်လိမ့်မည်ဟု သတိပေးတုံ့ပြန်ထားသည်။

Telegram»…
https://t.me/positiveanglenews

#PAN