ဥရောပရှိ NATO စစ်ဆင်ရေးအင်အားစုများကို အမေရိကန် သိသိသာသာလျှော့ချမည်၊ သမ္မတထရမ့်၏ ခြေလှမ်းကြောင့် မဟာမိတ်အဖွဲ့အတွင်း စိုးရိမ်မှုများ မြင့်တက်

(နိုင်ငံတကာ) ဇွန် ၁၃

     အမေရိကန်ပြည်ထောင်စုသည် ဥရောပရှိ နေတိုး (NATO) စစ်ဆင်ရေးများအတွက် သတ်မှတ်ချထားပေးထားသည့် လေ ကြောင်းနှင့် ရေတပ်အင်အားစုများကို သိသိသာသာ လျှော့ချရန် စီစဉ်နေကြောင်း ဥရောပအရာရှိများနှင့် နယူးယောက်တိုင်းမ် (The New York Times) သတင်းစာ၏ အစီရင်ခံချက်များအရ သိရှိရသည်။

      ယင်းခြေလှမ်းသည် စစ်ရေးမဟာမိတ်အဖွဲ့အပေါ် ဝါရှင်တန်၏ ကတိကဝတ်ပြုမှုအပေါ် ယုံကြည်မှုကို ထပ်မံရိုက် ခတ်စေသည့် ထိုးနှက်ချက်တစ်ခု ဖြစ်လာသည်။

     အဆိုပါ လျှော့ချမည့်အစီအစဉ်အရ အမေရိကန်သည် NATO သို့ ခွဲဝေပေးထားသည့် F-16 နှင့် F-15E တိုက်လေယာဉ် အရေ အတွက်ကို ၁၅၀ ဝန်းကျင်မှ ၁၀၀ အထိလည်းကောင်း၊ ပင်လယ်ရေကြောင်းစောင့်ကြည့်ရေး လေ ယာဉ်များကို ၂၆ စင်းမှ ၁၅ စင်းအထိလည်းကောင်း လျှော့ ချသွားမည်ဖြစ်ပြီး ဝေဟင်ဆီဖြည့်လေယာဉ် ၈ စင်းကိုလည်း လုံးဝပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်သည်။

     ထို့ပြင် ဒုံးကျည်တပ်ဆင်ထားသည့် ရေငုပ်သင်္ဘောတစ်စင်း၊ လေယာဉ်တင်သင်္ဘောတစ်စင်းနှင့် ဗုံးကြဲလေယာဉ် အထူးတပ်ဖွဲ့ (Bomber Task Force) တစ်ဖွဲ့အပါအဝင် စစ်သင်္ဘောအတော်များများကို အခြားဒေသများသို့ ပြောင်းရွှေ့နေရာချထားမည်ဖြစ်သည်။

     ယခုလုပ်ဆောင်ချက်သည် အမေရိကန်အနေဖြင့် ၎င်း ၏ စစ်ရေးအရင်းအမြစ်များကို အရှေ့အလယ်ပိုင်း၊ အာရှနှင့် အမေရိကတိုက်များဆီသို့ ပိုမိုအာရုံစိုက်ရန်အတွက် ဥရောပရှိ စစ်ရေးအရပ်ရပ်ကို လျှော့ချမည့် မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

     ရုရှား၏ စစ်ရေးခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရချိန်တွင် အမေရိကန်၏ ယခုကဲ့သို့ စစ်အင်အားလျှော့ချမှုကြောင့် NATO အနေဖြင့် ဥရောပကာကွယ်ရေးအတွက် အဝေးပစ်လက်နက်ကြီးများနှင့် ဒရုန်းများကဲ့သို့သော အခြားရွေးချယ်စရာ စီမံကိန်းများကို အလျင်အမြန် စဉ်းစားသုံးသပ်နေရသည်။

     သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်အပေါ် ဆင်နွှဲနေသည့် အမေရိကန်-အစ္စရေးစစ်ပွဲတွင် NATO ၏ ပံ့ပိုးမှုမလုံ လောက်ခြင်းကို ပြစ်တင်ဝေဖန်ခဲ့ပြီး မဟာမိတ်အဖွဲ့ကို “စက္ကူကျား” ဟု ခေါ်ဆိုခဲ့ဖူးသလို၊ ဥရောပနိုင်ငံများကိုလည်း ကာကွယ်ရေးအသုံးစရိတ်အား ဂျီဒီပီ(GDP)၏ ၃.၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ဖိအားပေးလျက်ရှိသည်။

     လာမည့် ဇူလိုင် ၇ ရက်မှ ၈ ရက်နေ့အထိ တူရကီနိုင်ငံတွင် ကျင်းပမည့် NATO ထိပ်သီးအစည်းအဝေးသည် အမေရိကန်နှင့် မဟာမိတ်များအကြား အဖုအထစ်များကို ရှင်း လင်းရမည့် “NATO သမိုင်းတွင် အရေးအကြီးဆုံး အစည်း အဝေး” ဖြစ်လာနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန် ကြီး မာကို ရူဘီယို (Marco Rubio) က ပြောကြားထား သည်။

Telegram»…
https://t.me/positiveanglenews

#PAN