ကွန်ဂို (DRC) တွင် အီဘိုလာဗိုင်းရပ်စ် ဒုက္ခသည်စခန်းအပါအဝင် နေရာသစ်များသို့ ကူးစက်ပြန့်ပွား၊ အတည်ပြုလူနာ ၇၀၀ နီးပါးရှိလာပြီး နေရာထိုင်ခင်းမလုံလောက်မှုကြောင့် WHO စိုးရိမ်

(နိုင်ငံတကာ) ဇွန် ၁၃

     ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အရှေ့မြောက်ပိုင်းတွင် ဖြစ်ပွားနေသော အီဘိုလာ (Ebola) ဗိုင်းရပ်စ်ကူးစက်မှုသည် လူဦးရေပြည့်ကျပ်နေသည့် စစ်ဘေးဒုက္ခသည်စခန်းတစ်ခုအပါအဝင် ကျန်းမာရေးဇုန်အသစ်များသို့ ဆက် လက်ကူးစက်ပြန့်ပွားနေကြောင်း သိရသည်။

    ယခင်က ခန့်မှန်းထားသည်ထက် ပိုမိုကြီးမားသောအန္တရာယ်ရှိသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က သတိပေးလိုက်သည်။

     ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့က ရောဂါစတင်ဖြစ်ပွားကြောင်း ကြေညာခဲ့ကတည်းက လက်ရှိအချိန်အထိ နိုင်ငံအတွင်း အတည်ပြုလူနာ ၆၈၉ ဦး ရှိလာခဲ့ပြီး သေဆုံးသူ ၁၃၉ ဦးအထိ ရှိလာကြောင်း DRC အစိုးရက သတင်းထုတ်ပြန်ထားသည်။

     ယခုကူးစက်မှုသည် ရှားပါးလှသည့် ဘွန်ဒီဘူဂျို (Bundibugyo) ဗိုင်းရပ်စ်မျိုးစိတ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ တရားဝင်အတည်ပြုထားသည့် ကာကွယ် ဆေး သို့မဟုတ် ကုသဆေးမရှိသေးသည့်အပြင်၊ လူနာများအား သီးသန့်ခွဲခြားထားရှိမည့် ကုတင်နှင့် နေရာထိုင်ခင်း မလုံလောက်မှုများကြောင့် ရောဂါထိန်းချုပ်ရန် အလွန်ခက်ခဲနေကြောင်း WHO ၏ ကူးစက်ရောဂါဗေဒအကြီးအကဲ အိုလီဗီယာ လီ ပိုလိန်း (Olivier le Polain) က ဆိုသည်။

     အထူးသဖြင့် အီတူရီ (Ituri) ပြည်နယ်ရှိ ကီပန်ဂါ (Kpanga) ဒုက္ခသည်စခန်းအတွင်း အီဘိုလာကြောင့် ပထမဆုံးသေဆုံးမှုများ ရှိခဲ့ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီက အတည်ပြုခဲ့ရာ၊ အိမ်သာတစ်ခုတည်းကို လူရာပေါင်းများစွာ မျှ ဝေသုံးစွဲနေရသည့် ကျဉ်းကျပ်သောအနေအထားကြောင့် ဒုက္ခ သည်များအကြား ရောဂါကူးစက်မှု လျင်မြန်စွာ ပေါက်ကွဲထွက်လာမည်ကို ကယ်ဆယ်ရေးအဖွဲ့များက အလွန်စိုးရိမ်နေကြသည်။

     ထို့ပြင် ဒေသတွင်း ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့သည့် လက် နက်ကိုင်ပဋိပက္ခများနှင့် သူပုန်များကြောင့် အစိုးရအနေဖြင့် နယ် မြေကို အပြည့်အဝမစိုးမိုးနိုင်ခြင်းကလည်း ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှုလုပ်ငန်းများကို နှောင့် နှေးစေလျက်ရှိသည်။

   လက်ရှိတွင် အိမ်နီးချင်း ယူဂန်ဒါနိုင်ငံ၌လည်း ကူးစက်သူ ၁၉ ဦး ရှိနေသဖြင့် အဆိုပါ ရောဂါပြန့်ပွားမှုအခြေအနေသည် တစ်ဒေသလုံးဆိုင်ရာ ကျန်းမာရေးအကျပ်အတည်း ဖြစ်လာနိုင်ကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

#PAN