
(နိုင်ငံတကာ) ဇွန် ၁၃
ယူကရိန်း၏ မကြာသေးမီက ပစ်မှတ်ထားတိုးမြှင့်လာသော တိုက်ခိုက်မှုများသည် ရုရှားနိုင်ငံ၏ စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းအပေါ် ထိခိုက်နစ်နာမှုများ ဖြစ်စေနေကြောင်း သမ္မတ ဗလာဒီမာပူတင်က အသိအမှတ်ပြု ဝန်ခံလိုက်သည်။
သို့သော်လည်း ယခုကဲ့သို့ တိုက်ခိုက်မှုများ တိုးမြှင့်လာခြင်းသည် ရုရှားလူထုကို စိတ်ဝမ်းကွဲပြားအောင် လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်းနှင့် ရုရှားစီးပွားရေးမှာလည်း လျင်မြန်စွာ ပြန် လည်နာလန်ထူလာလိမ့်မည်ဖြစ်ကြောင်း ၎င်းက အခိုင်အမာဆိုသည်။ ရုရှားနိုင်ငံ နစ်ဇ်နီကမ်းစ်ခ် (Nizhnekamsk) ရှိ အရေးပါသော ရေနံချက်စက်ရုံတစ်ခုကို ယူကရိန်းဘက်က ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ပြီးနောက် သောကြာနေ့တွင် ပူတင်က ယခုကဲ့သို့ ထူးထူးခြားခြား ဝန်ခံပြောဆိုခဲ့ခြင်း ဖြစ်သည်။
ယူကရိန်းသည် ရုရှားနိုင်ငံ၏ အဓိကဝင်ငွေရရှိရာ တွက်ခြေ ကိုက်လှသော ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများဖြစ်သည့် ရုရှားနိုင်ငံအတွင်းပိုင်းအထိ နက်ရှိုင်းသောနေရာများရှိ ရေနံချက်စက်ရုံများ၊ သိုလှောင်ရုံများနှင့် ပိုက်လိုင်းများကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။
ထို့ပြင် ရုရှားသိမ်းပိုက်ထားသော ခရိုင်းမီးယားကျွန်း ဆွယ်သို့ သွားရောက်မည့် လောင်စာဆီတင်ကားများနှင့် ထောက်ပံ့ရေးလမ်းကြောင်းများကိုပါ ဖြတ်တောက် တိုက် ခိုက်နေသဖြင့် ၂၀၁၄ ခုနှစ်နောက်ပိုင်း ခရိုင်းမီးယားတွင် အဆိုးရွားဆုံး စက်သုံးဆီအကျပ်အတည်းကို ရင်ဆိုင်နေရကြောင်း ဝါရှင်တန်အခြေစိုက် စစ်ပွဲလေ့လာရေးအင်စတီကျု (ISW) က သုံးသပ်ထားသည်။

ရုရှားနိုင်ငံအတွင်း မြေပြင်သက်ရောက်မှုများ ပိုမိုခံစားနေရသော်လည်း ပူတင်က ၎င်းတို့၏ “အထူးစစ်ဆင်ရေး” မှာ အောင် မြင်နေဆဲဖြစ်ကြောင်း ပြသရန် ကြိုးပမ်းလျက်ရှိပြီး၊ ရန်သူ့အခြေ ခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများ ပိုမိုတိုးမြှင့်သွားမည့်အပြင် လေကြောင်းကာကွယ်ရေးစနစ်များကိုလည်း အဆင့်မြှင့်တင်သွားမည်ဟု ပြောကြားခဲ့သည်။
တစ်ဖက်တွင်လည်း ယူကရိန်းစစ်သေနာပတိချုပ် အိုလက်ဆန္ဒာ ဆီရ်စကီးက ပြီးခဲ့သည့် မေလအတွင်း ယူကရိန်းအနေဖြင့် ဆုံးရှုံးခဲ့ရသည့် နယ်မြေထက် မိမိတို့နယ်မြေများကို ပိုမိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ရုရှား၏ လအလိုက် နယ်မြေအသာစီးရမှုကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုထားသဖြင့် စစ်မျက်နှာအခြေအနေမှာ ယူကရိန်းဘက်သို့ ပြန်လည်ဦးမော့လာသည့် အနေအထား ဖြစ်နေကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN