
(ပြည်တွင်း)ဇွန် ၁၃
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့အကြား ကဏ္ဍစုံငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပြီး၊ နှစ်ဖက်အကြား တန်းတူညီမျှမှုရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် နိုင်ငံရေးပြဿနာများကို လက်နက်ကိုင်နည်းလမ်းဖြင့်မဟုတ်ဘဲ နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းသွားရန် သဘောတူညီခဲ့ကြသည်။
ဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အထွေထွေရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသည့် အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်ရန် ငြိမ်းချမ်းရေးကော်မတီ အဆင့် ဆင့်ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၁ ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
၎င်းအပြင် ကြိုတင်ကန့်သတ်ချက်မရှိဘဲ “NCA Plus” ပုံစံကို အခြေခံသည့် ငြိမ်းချမ်းရေးမူဘောင်သစ်တစ်ခုဖြင့် ချဉ်းကပ်ဆောင်ရွက်နေကြောင်း ပြောဆိုခဲ့ပြီး၊ SSPP ဒုတိယဥက္ကဋ္ဌ (၂) စဝ်ခွန်စိန်ကလည်း မိမိတို့အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အစဉ်တစိုက်လိုလားကြောင်းနှင့် အတိတ်သင်ခန်းစာများမှတစ်ဆင့် ယုံကြည်မှုတည်ဆောက်ကာ လက်တွေ့ကျသည့်ကိစ္စရပ်များကို ဦးစားပေးဆွေးနွေးသွားမည်ဟု ပြန်လည်ပြောကြားခဲ့သည်။
နှစ်ဖက်ကိုယ်စားလှယ်များသည် မွန်းလွဲပိုင်းအထိ ဆက် လက်ဆွေးနွေးခဲ့ကြပြီး၊ တပ်မတော်နှစ်ရပ်အကြား ပေါ် ပေါက်လာနိုင်သည့် မည်သည့်အငြင်းပွားမှုကိုမဆို လက်နက်ကိုင်ပဋိ ပက္ခမဖြစ်ပွားစေဘဲ ဆွေးနွေးပွဲများမှတစ်ဆင့် ချောမွေ့စွာ ဖြေရှင်းသွားရန် သဘောတူခဲ့ကြသည်။
ထို့ပြင် ဒေသတွင်း တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးကို ထိခိုက်စေသည့် မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစား၊ အွန်လိုင်းလိမ် လည်မှု (ကျားဖြန့်) နှင့် နယ်မြေကျော်လွန်ဝင်ရောက်မှု ပြဿနာများကို အချိန်နှင့်တစ်ပြေးညီ ဝိုင်းဝန်းကိုင်တွယ်ဖြေရှင်းနိုင်မည့် “အဖွဲ့အစည်းစုံပါဝင်သော ကော် မတီတစ်ရပ်” ဖွဲ့စည်းရန်လည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN