(လွှတ်တော်) ဇွန် ၁၃
ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်ရှိ ချင်းပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ဇွန် ၁၂ ရက် နံနက် ၁၀ နာရီအချိန်၌ တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များအနက် ၁၃ ဦး တက်ရောက်သဖြင့် ၈၆.၆၇ ရာခိုင်နှုန်းရှိကြောင်း သိရပြီး အစည်းအဝေးအတွင်း လွှတ်တော်ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေးနှင့် ဆက်စပ်သည့် အရေးကြီးမေးခွန်း ၃ ခုကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ဟားခါးမြို့နယ် ကိုယ်စားလှယ် ဦးဆန်အုပ်မန်းက စျေးသစ်ရပ်ကွက် ဟာရ်မွန်ကွက်စိပ်ရှိ ပွမ်ဇမန်လမ်း၊ ရေမြောင်းများနှင့် မြေထိန်းနံရံများ ပြန်လည်တည်ဆောက်ရေး အစီအစဉ်ရှိ/မရှိကို မေးမြန်းခဲ့ရာ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ဌေးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မပါဝင်သော်လည်း ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးအဖြစ် ဆောင်ရွက်သွားမည်ဟု ဖြေကြားခဲ့သည်။

ဖလမ်းမြို့နယ် ကိုယ်စားလှယ် ဦးဝမ်လျန်းထန်းက မြို့နယ်အတွင်း သောက်သုံးရေ လုံလောက်စွာရရှိရေး အစီအစဉ်နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ လက်ရှိတွင် လိုင်ဗားဆည်ရေပိုက်လိုင်းမှ ရေအဆင့်လျော့နည်းမှုကြောင့် ရေဖြန့်ဝေရေးအခက်အခဲများရှိနေပြီး အစားထိုးရေထွက်များမှ ရေပေးဝေရန် အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်နေကြောင်းနှင့် ရေပိုက်လိုင်းများ ပြုပြင်နေဆဲဖြစ်ကြောင်း ဖြေကြားခဲ့သည်။
ထို့အပြင် တီးတိန်မြို့နယ် ကိုယ်စားလှယ် ဦးတင်ကာကျင်က တီးတိန်နှင့် တွန်းဇံမြို့နယ်များအတွက် အရေးပေါ်အရန်လမ်းမကြီး ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းခဲ့ရာ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလျန်ဇခုပ်က ယခင်က ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ထားပြီးဖြစ်သဖြင့် လက်ရှိဘဏ္ဍာရေးနှစ်တွင် လမ်းအသစ် သို့မဟုတ် အဆင့်မြှင့်တင်ရေးအတွက် သီးခြားရန်ပုံငွေ မလျာထားသေးကြောင်း၊ အနာဂတ်တွင် လိုအပ်ချက်နှင့် ရန်ပုံငွေအပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။
အစည်းအဝေးကို နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်တွင် ရပ်နားခဲ့ပြီး (သတ္တမနေ့) အစည်းအဝေးကို ဇွန် ၁၅ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။ ယင်းနေ့အစည်းအဝေးတွင် မေးခွန်း ၃ ခု ဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံဖတ်ရန် – https://positiveanglenews.com/2026/06/13/ဘီးလင်းမြို့နယ်တွင်-မိ-2/
Telegram – t.me/positiveanglenews
#PAN